ထားဝယ်တွင် ကြားဖြတ် သန်းခေါင်စာရင်း စကောက်

0
787

နောက်ထပ် သန်းခေါင်စာရင်း မကောက်မီ လိုအပ်သော အညွှန်းကိန်း များ ရရှိနိုင်ရန် ထားဝယ်မြို့နယ်အတွင်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ရုံးထံမှ သိရသည်။

ယင်းသန်းခေါင်စာရင်းကို ဒီဇင်ဘာလ ၁၁ ရက်တွင် စတင်ကောက်ယူနေပြီး ဒီဇင်ဘာလ ၂၄ ရက်အထိ ကောက်ယူ မည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း သန်းခေါင်စာရင်းကောက်ကွက် ၁၄၆ ကွက်ရှိပြီး စာရင်းကောက်၊ စာရင်းစစ်နေ့စားဝန်ထမ်း ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။

ကြားဖြတ်သန်းကောင်စာရင်းကောက် သူများကို ပြီးခဲ့သည့်အပတ်က သင်တန်း ပေးထားပြီး ရပ်ကွက်တိုင်း၊ အိမ်တိုင်းကို ကောက်ယူမည်မဟုတ်ဘဲ ကျပန်းစနစ်ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

“တစ်ရပ်ကွက်မှာ အိမ်တိုင်းကို ကောက်မှာ မဟုတ်ဘူးလေ။ အဲဒီထဲကမှ တစ်အိမ်ကောက်ချင် ကောက်မယ်၊ နှစ် အိမ်ကောက်ချင် ကောက်မယ်”ဟု ဦးအောင်စိုးမိုးက ပြောသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်က ကောက်ခဲ့ဖူးပြီး ၂၀၂၄ ခုနှစ်တွင် နောက် တစ်ကြိမ် ကောက်ယူမည် ဖြစ်သည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များမရမီ ကြားကာလ တွင် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်း အချက်အလက်များကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ရန်၊ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း အကောင်အထည် ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများရရှိရန် ကြားဖြတ်ကောက်ယူခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လ၀ကဌာနထံမှ သိရသည်။

Dawei Watch