မွန်အမျိုးသားကျောင်းများကို ကူညီပံ့ပိုးပေးနိုင်ရေး လွှတ်တော်ထံ တင်ပြ

0
463

မွန်ပြည်သစ်ပါတီ အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန် အမျိုးသားကျောင်းများ ရင်ဆိုင်ကြုံတွေ့ နေရသည့် ဘဏ္ဍာရေးအခက်အခဲများကို ကူညီပံ့ပိုးပေးနိုင်ရေး မွန်အမျိုးသား ပညာရေးကော်မတီက မွန်ပြည်နယ်လွှတ် တော်ထံ တင်ပြထားကြောင်း သိရသည်။

မွန်အမျိုးသားပညာရေးကော်မတီ မှ လက်ရှိ မွန်အမျိုးသားကျောင်းများတွင် သင်ကြားနေသည့် ဆရာဆရာမများကို ကူညီထောက်ပံ့ပေးရမည့် လစဉ်ကြေး၊ ကျောင်းပရိဘောဂအဆောက် အအုံများ၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးနိုင် ရန်အတွက် ဘဏ္ဍာရေးလိုအပ်ချက်များ ရှိနေသည်ကို နိုင်ငံတော်အနေနှင့် အလေး အနက်ထား ကူညီပံ့ပိုးပေးရန်အတွက် တင်ပြခြင်း ဖြစ်ကြောင်း မွန်အမျိုးသား ပညာရေးဌာနထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ၂၀၁၄ အမျိုးသား ပညာရေးဥပဒေအရသော်လည်းကောင်း တိုင်းရင်းသားစာပေယဉ်ကျေးမှုကို နိုင်ငံတော်က ကူညီထောက်ပံ့ရမည်ဆိုပြီး ပါရှိသည့်အတွက် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် မွန်အမျိုးသား ပညာရေးကျောင်းများကိုလည်း နိုင်ငံတော် အနေနှင့် ကူညီထောက်ပံ့သင့်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“အနည်းဆုံးတော့ ဘဏ္ဍာရေးအရ သင်ထောက်ကူပစ္စည်းတွေအတွက်ကို ကူထောက်ပံ့ပေးနိုင်မယ်ဆိုရင် တစ်ဖက် တစ်လမ်းကနေ သူတို့ရဲ့ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ယူဆတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

၎င်းအပြင် မွန်အမျိုးသားပညာရေး ကျောင်းတွင် သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုအပိုင်း ပြောင်းလဲလာသည့် သင်ကြားရေးစနစ် များကို အချိန်နဲ့တစ်ပြေးညီ ဆရာ၊ ဆရာမ များ ပြန်လည်သင်ကြားပို့ချပေးနိုင်ရန် အတွက် များစွာစိန်ခေါ်မှုရှိနေသည်ကို လည်းတင်ပြခဲ့သည်ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားပညာရေးဌာနရှိ ကျောင်းများသည် အလှူရှင်၏ ကူညီ ထောက်ပံ့မှုဖြင့် ရပ်တည် နေရသည့် ကျောင်းများဖြစ်ပြီး ကျောင်းဆရာ/ဆရာမ များအတွက် လစာထောက်ပံ့ပေးရေးကိစ္စ သည် အဓိက အခက်အခဲဖြစ်နေသည်ဟု မွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

မွန်အမျိုးသားပညာရေးဌာနတွင် အဓိက ရင်ဆိုင်ကြုံတွေ့နေရသည့် ကျောင်း ဆရာ/ဆရာမများအတွက် လစာ ပုံမှန် ထောက်ပံ့ပေးနိုင်ရေးကို ဖြေရှင်းနိုင်ရန် အတွက် ရန်ပုံငွေ ရှာဖွေသည့်အစီအစဉ် တစ်ရပ်ကိုလည်း မွန်အမျိုးသားပညာရေး ဌာနက လုပ်ဆောင်နေသည်။

“ကျောင်းဆရာဆရာမ လစာကတော့ အဓိက အလှူရှင်နဲ့ ရပ်ရွာလူထုပေါ့နော်။ တစ်ခါတလေ အလှူရှင်က တစ်နှစ်နဲ့ပဲ ပေးတော့ တစ်ခါတလေ လစာပြတ်တောက် သွားတာတွေ ရှိတယ်။ အဲလိုအခြေအနေမှာ ဆိုမှာရင် အဆင်သင့်ပေးနိုင်အောင်လို ရန်ပုံငွေ ရှာဖွေရေးကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်”ဟု မွန်အမျိုးသားပညာရေးဌာနမှ တာဝန်ခံ မိစာတာက ပြောသည်။

၂၀၁၈- ၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းဆရာ/ဆရာမတစ်ဦးကို ငွေကျပ် တစ်သိန်းသုံးသောင်းအထိ တိုးမြှင့်ထောက်ပံ့ နိုင်ခဲ့သည်ဟု မွန်အမျိုးသားပညာရေး ဌာနမှ သိရသည်။

မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် မွန် အမျိုးသား ကျောင်းဆရာ၊ ဆရာမ ၈၀၀ ဝန်းကျင်ရှိသည်။

Dawei Watch