တာဝန်လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်သည်ဆိုသည့် မြို့နယ်အုပ်ချုပ် ရေးမှူးဟောင်းနှင့် စည်ပင်အင်ဂျင် နီယာမှူးကို အမှုဖွင့်

0
1172

တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံး စားလုပ်သည်ဟုဆိုကာ မွန်ပြည်နယ် သထုံမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးတို့ကို အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်သည်။

သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဟောင်း(လက်ရှိ မဘိမ်းမြို့နယ်အုပ်ချုပ်ရေးမှူး) ဦးသိန်းဝင်းနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးတင်ထွန်းတို့ကို အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးရေးမှူး ဦးကျော်စိုးထွန်း က တရားလိုပြုလုပ်ကာ ဒီဇင်ဘာလ ၉ ရက်က သထုံမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထား ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရ သည်။

“အဂတိကော်မရှင်အဖွဲ့ကနေပြီး သထုံစခန်းမှာ အမှုလာဖွင့်တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်တာဖြစ်တဲ့အတွက် စစ်ဆေးမှု လုပ်ငန်းတွေကို သူတို့ကပဲ လုပ်ပါလိမ့် မယ်။ လမ်းမီးကိစ္စမှာ တာဝန်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တဲ့အတွက်လို့ တော့ သိရတယ်”ဟု သထုံမြို့နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးစိုးအောင်က ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ သည် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးပေါ်ပေါက်ပါက ထောင် ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြစ် သည်။

မွန်ပြည်နယ် လွှတ်တော်ရုံး ၄ ခန်း တွဲ ၄ ထပ် အိမ်ရာဆောက်လုပ်ခြင်း၊ သထုံမြို့နယ် LED လမ်းမီးအသစ် လုံး ၅၀၀ တပ်ဆင်ခြင်းနှင့် သထုံမြို့နယ် ဒေးဗရိန်းကျေးရွာတွင် ပေ ၈၀×၂၀ ကုန်ထုတ်တံတားတည်ခြင်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် (၁/၂၀၁၇) နှင့်အညီ လိုက်နာဆောင်ရွက် မှုမရှိခြင်းကို ဥပဒေ လုပ်ထုံးလုပ်နည်း နှင့် အညီ စုံစမ်းစစ်ဆေး အရေးယူပေးရန် ကော်မရှင်ထံ တိုင်ကြားခဲ့သည်ဟု ကော်မရှင်က ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ထားသည်။

တိုင်ကြားစာအရ ကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရာ သထုံမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းဝင်းသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ (2018 Mini Budget) မှ သထုံမြို့နယ် လမ်းမီးလင်းရေးအတွက် LED မီး ၅၀၀ လုံး ဝယ်ယူတပ်ဆင်ရန် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို ထုတ်ယူပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ငွေစာရင်းတွင် ထည့်သွင်းထိန်းသိမ်းထား သည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ဦးသိန်းဝင်းသည် လမ်းမီးဝယ်သူ တပ်ဆင်ရေးအတွက် ကုမ္ပဏီသို့ ကျပ်သိန်း ၄၈၀ ပေးချေရမည် ဖြစ်သော်လည်း ငွေကျပ် သိန်း ၄၆၀ ကိုသာ မီးလုံးဝယ်ယူတပ်ဆင် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွန်း မှတစ်ဆင့် ကုမ္ပဏီသို့ ပေးချေခဲ့ပြီး လုပ်ငန်းပြီးသည် အထိ ခွင့်ပြုငွေ ကျပ်သိန်း ၂၀ ကို ၎င်း၏ လက်ဝယ်၌ မရိုးမဖြောင့်သော သဘောဖြင့် ရယူထားကြောင်းလည်း ကော်မရှင်က ထုတ်ပြန် ထားသည်။

စည်ပင်သာယာရေးအဖွဲ့အင်ဂျင်နီယာ မှူး ဦးတင်ထွန်းသည် ပစ္စည်းဝယ်ယူသည့် ကုမ္ပဏီအား ငွေကျပ်သိန်း ၄၆၀ ကိုသာ ထုတ်ပေးခဲ့သော်လည်း စာရင်းစစ်အဖွဲ့မှ စစ်ဆေးခံနိုင်ရန် ငွေကျပ် သိန်း ၄၈၀ လက်ခံရရှိကြောင်း ပြေစာ၌ လက်မှတ် ရေးထိုး၍ Back Date ဖြင့် စာရင်းပြုစုခဲ့ ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုင်ကြားခံရပြီးနောက်မှ ဦးသိန်းဝင်းက ၎င်းထိန်းသိမ်းရယူထားသော ခွင့်ပြုငွေ ကျပ်သိန်း ၂၀ ကို ဦးတင်ထွန်းအားပေးခဲ့ ခြင်းနှင့် ဦးတင်ထွန်းမှလည်း လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန် လုပ် ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက် စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Dawei Watch