ဆလုံတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု လူဦးရေအပေါ် အခြေ မခံပါနှင့်

0
692

လူဦးရေအပေါ်အခြေခံပြီးချထားပေးသည့် ကျန်းမာရေးစောင့်ရှောက်မှု ဆလုံ လူမျိုးများအတွက် ပယ်ဖျက်ပြီး ခြွင်းချက်ဖြင့် မူဝါဒဖော်ဆောင်ပေးလိုကြောင်း ဆလုံအရေးတက်ကြွလှုပ်ရှား သူများက တောင်းဆိုလိုက်သည်။

ဆလုံလူမျိုးများ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဝန်ထမ်းချပေးရန် အစိုးရထံတင်ပြသည့် အချိန်တိုင်းတွင် လူဦးရေအကန့်အသတ်အရ တာဝန်ချ ထားပေးရန် အခက်အခဲရှိကြောင်း မကြာ ခဏ ပြန်လည် တုံ့ပြန်လေ့ရှိသဖြင့် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မြိတ်ကျွန်းစုအတွင်းဆလုံလူမျိုး များနေထိုင်သည့် ကျွန်း ၁၀ကျွန်းရှိသည့် အနက် တပ်မတော်အခိုင်အမာရှိသည့်ဇာဒက်ကြီးကျွန်းမှလွဲ၍ ကျန်ကျွန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလျက်ရှိသည်။ ထိုကြောင့် အရေးပေါ် အခြေအနေတွင် ဆလုံလူမျိုးများ အခက် အခဲကြုံကာ မသေဆုံးသင့်ဘဲ သေနေရကြောင်း ဆလုံအရေးတက်ကြွ လှုပ်ရှားသူ ဦးခင်မောင်ထွေးက ပြောသည်။

“ဒီအစဉ်အလာ (မူဝါဒ)ကို သွေဖယ်ပြီးတော့ ကျန်းမာရေးစောင့်ရှောက် မှု အပိုင်းတွေကို ဖြည့်ဆည်းပေးစေချင်တယ်”ဟု ဦးခင်မောင်ထွေးက ပြောသည်။

ဆလုံလူမျိုးများ နေထိုင်သည့်ကျွန်းများသည် မြို့ပြနှင့်အလှမ်းဝေးပြီး ပင်လယ် ရေလမ်းခရီးဖြစ်သည်။

ထိုကြောင့် အရေးပေါ်အခြေအနေ တွင် သွားလာရအချိန် ကြာမြင့်သည့်အတွက် မဆိုစလောက်ရောဂါဖြင့်ပင် သေဆုံးရသည်များရှိကြောင်း ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာတာဝန်ခံ ဦးသိန်းဇံက ဆိုသည်။

“ဒီလိုမျိုး စာအုပ်ကြီးအတိုင်းပဲ သွား နေမယ်ဆိုလို့ရှိရင်လည်း ကြာရင်ဆလုံ တွေမျိုးတုန်းသွားဖို့ပဲ ရှိတယ်”ဟု ၎င်းက ပြောသည်။

လငန်းကျေးရွာမှ ကျွန်းစုမြို့နယ်သို့ စက်လှေဖြင့်သွားလျှင် ၅နာရီခန့်ကြာမြင့် ပြီး မြိတ်မြို့သို့ ၁၃နာရီခန့် ခုတ်မောင်းရ သည်ဟု ဦးသိန်းဇံက ဆိုသည်။

၁၉၇၆ ခုနှစ် သန်းကောင်စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဆလုံလူမျိုး ဦးရေ ၆၀၀၀ ကျော်ရှိကြောင်း ရန်ကုန် အနောက် ပိုင်းတက္ကသိုလ်မြန်မာစာဌာနတွဲဖက် ပါမောက္ခဒေါက်တာရီရီခင်၏ တနင်္သာရီ တိုင်းအတွင်းရှိ ဆလုံလူမျိုးတို့၏လူနေမှု ဘ၀ စာအုပ်တွင် ရေးသားထားသည်။ ယခုအချိန်တွင် ဆလုံလူဦးရေ ၁၇၀၀ ကျော်သာ ကျန်တော့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းချထားပေးမှု သည် ကျေးရွာကို အခြေခံ၍ချပေးခြင်း မဟုတ်ဘဲ အနည်းဆုံး လူဦးရေသုံးထောင် ကို အခြေခံကာချထားပေးကြောင်း မြိတ် ခရိုင်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိ သူက ပြောသည်။

“သူတို့ရဲ့ဖွားသေနှုန်းမြင့်မားလာရတဲ့ အဓိကအကြောင်းကလည်း အဲဒီ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလို့ ပဲ”ဟု ဦးခင်မောင်ထွေးက မှတ်ချက်ပေးသည်။

သို့သော် ဆလုံလူမျိုးတို့၏ လက်ရှိ ဖွားသေနှုန်းမည်မျှရှိသည်ကို တိတိကျကျ သိရှိရခြင်း မရှိဘဲ ဦးခင်မောင်ထွေးက ၎င်းလှည့်လည်သွားလာနေသည့် မြေပြင် အခြေအနေအပေါ် မူတည်ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပျမ်းမျှဖွားသေ နှုန်းမှာ ၂၀၁၈ ခုနှစ် စာရင်းအရ ၁၀၀၀ လျှင် ၄၆.၂ ဦး ဖြစ်သည်။

ကိုဆန်း