ဝမ်းပျက်၊ ဝမ်းလျှော ကာကွယ်ဆေး ကလေးများအားပုံမှန်တိုက်ကျွေးမည်

0
659

ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေးဖြစ်သည့် Rotavirus ကာကွယ်ဆေးကို အသက်နှစ်လနှင့် လေးလအရွယ် ကလေးများအား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ စတင်ကာ ပုံမှန်ကာကွယ်ဆေးအဖြစ် တိုက်ကျွေး တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမားရေးဦးစီးဌာနထံမှ သိရသည်။

ယင်းကာကွယ်ဆေးကို ကျေးရွာ များတွင် နှစ်စဉ်ပုံမှန်တိုက်ကျွေးနေကျဖြစ်သည့် ပိုလီယိုရောဂါကာကွယ်ဆေး၊ ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ် ဆေးတို့နှင့်အတူ တိုက်ကျွေးမည်ဖြစ်ကြောင်း အထက်ပါဌာန တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ မြတ်ဖြူပြာအေးက ပြောသည်။

“အခုကာကွယ်ဆေးလုပ်ငန်းတွေ လုပ်နေသလိုပဲ ကျေးရွာတွေမှာရှိတဲ့ သားဖွားဆရာမတွေကနေပြီး တိုက်ကျွေး ပေးမှာပါ”ဟု ဒေါက်တာမြတ်ဖြူပြာအေး က ဆိုသည်။

ငါးနှစ်အောက်ကလေးများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားသည့် အကြောင်းရင်း အမျိုးမျိုးရှိသော်လည်း အဖြစ်အများဆုံးမှာ Rotavirus ကြောင့် ဖြစ်ပွားသည့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်သောကြောင့် ယင်းကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး အနေဖြင့် ကလေး များအား တိုက်ကျွေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တစ်နှစ်အောက်ကလေးများသည် ယင်းကာကွယ်ဆေးကို အသက်နှစ်လ တွင် တစ်ကြိမ်၊ အသက်လေးလတွင် တစ်ကြိမ် နှစ်ကြိမ် တိုက်ကျွေးရမည်ဖြစ် သော်လည်း ပထမဆုံးတိုက်ကျွေးစဉ်တွင် အသက်လေးလအရွယ်ရောက်ရှိနေသည့် ကလေးများမှာ တစ်ကြိမ်သာ တိုက်ကျွေး မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်တာ ကောင်းတယ်ရှင်။ ဘာဖြစ်လို့လဲဆိုတော့ မွေးခါစကလေး တွေမှာ အဲဒီရောဂါဖြစ်ရင် မိဘဖြစ်တဲ့ သူတွေမှာ အရမ်းစိတ်ပူရတယ်။ ကလေး ကလည်း သူ့မှာဘာဖြစ်နေတယ်ဆိုတာ မပြောတတ်တော့ ပိုဆိုးတယ်” ဟု လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာမှ မိခင်တစ်ဦးဖြစ်သည့် ဒေါ်မျိုးမျိူးသူက ဆိုသည်။

တိုင်းအတွင်း ယင်းကာကွယ်ဆေး ပထမဆုံးတိုက်ကျွေးမည့်အချိန်တွင် ကလေးသုံးထောင်ကျော်ခန့်ကို တိုက်ကျွေးမည်ဟု ခန့်မှန်းထားပြီး နောက်ပိုင်း တွင် ကလေးဦးရေ သုံးသောင်းအထိ တိုးလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမားရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ် ငန်းထံမှ သိရသည်။

ကျော်သူစိုး