ဟိုတယ်လိုင်စင်ရှိက ယစ်မျိုးလိုင်စင် ချပေးမည်

0
637

လိုင်စင်ရှိသည့် ဟိုတယ်များကို ယစ်မျိုးလိုင်စင် ချပေးတော့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုထားသည့် ဟိုတယ်လိုင်စင်ရှိသူများ လာလျှောက်နိုင်ပြီး ၎င်းမှ တစ်ဆင့် ထွေ/အုပ်ရုံးချုပ်ကို ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

ယခင်က ယစ်မျိုးလိုင်စင် အသစ်များကို ခွင့်ပြုပေးခြင်းမရှိသည့်အတွက် အရက်၊ ဘီယာရောင်းချလိုပါက ယစ်မျိုးလိုင်စင်ကို ပြင်ပတွင် သိန်းရာချီပေးကာ ဝယ်ယူနေရသည်။

“အခုက ဟိုတယ်လိုင်စင်ရှိတဲ့သူတွေ လျှောက်ထားနိုင်ပြီ။ ရုံးချုပ်က ခွင့်ပြုချက် ချပေးမယ်။ ဒါပေမယ့် ဟိုတယ် လိုင်စင်တော့ ဖြစ်ရမယ်”ဟု ဦးအောင်စိုးမိုးက ပြောသည်။

စည်ပင်သာယာရေးအဖွဲ့လိုင်စင် ဖြင့် ဖွင့်ထားသည့် တည်းခိုခန်းလိုင်စင် ကိုမူ ယစ်မျိုးလိုင်စင်ချပေးမည် မဟုတ် ကြောင်း ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လအထိ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဟိုတယ် ၃၁ လုံးရှိကြောင်း တိုင်းဒေသကြီး ဟိုတယ်^ ခရီးဌာနထံမှ သိရသည်။

ယစ်မျိုးလိုင်စင်ကို ပြင်ပတွင် ဝယ်ယူပါက ဈေးနှုန်းကြီးမြင့်နေသည့် အတွက် ယင်းကဲ့သို့ ချထားပေးမည် ဆိုပါက အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်လိုင်စင်လျှောက် ထားသူတစ်ဦးက ဆိုသည်။

သို့ရာတွင် စက်မှုမြေငှားဂရန်ရှိမှ သာ ဟိုတယ်လိုင်စင်ထုတ်ပေးနေသည့် အတွက် ဟိုတယ်အသစ်ဖွင့်သူများအနေ ဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။

ယင်းကြောင့် အများစုမှာ တည်းခိုခန်း အဖြစ်သာ ဖွင့်လှစ်ရလေ့ ရှိသည်။

“ယစ်မျိုးလိုင်စင်ကို အပြင်မှာဝယ် မယ်ဆိုလည်း ဝယ်လို့မနိုင်၊ (စက်မှုမြေ ငှားဂရန်) လျှောက်ထားတာကလည်း ခုချိန်ထိ မရသေးဘူး”ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

လက်ရှိအသစ်ချထားမည့် ယစ်မျိုး လိုင်စင်မှာ ဟိုတယ်လုပ်ငန်းနှင့် ကိုက်ညီသည့် လိုင်စင်ချပေးမည်ဖြစ်ပြီး ခရိုင်အတွင်း ယစ်မျိုးလိုင်စင် ၂၄၈ ခုကို ခွင့်ပြုထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရသည်။

ကိုဇော်