ရှင်မုတ္ထီးမြို့ဟောင်း(မုတ္တသုခနာဂရမြို့ဟောင်း)တူးဖော်လေ့လာရန် ငွေအခက်အခဲရှိနေ

0
906

ရှင်မုတ္ထီးမြို့ဟောင်း(မုတ္တသုခနာဂရမြို့ဟောင်း)တူးဖော်လေ့လာရန် ငွေအခက်အခဲရှိနေ ကြောင်း တိုင်းအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

သို့သော် ယင်းမြို့ဟောင်းတွင် မည်ကဲ့သို့သော ရှေးဟောင်းပစ္စည်းများ ရှိနေသည်ကို ဆက်လက်ကွင်းဆင်း သုတေသန ပြုလုပ်ရန်အတွက် လက်ရှိတွင် တိုင်းအစိုးရမှ ငွေလုံးငွေရင်း ရန်ပုံ ငွေချထားပေးနိုင်ခြင်း မရှိသေးဘဲ ပြည်ထောင်စုမှ သတ်မှတ်ပေးသည့် ရန်ပုံငွေ ဖြင့်သာ ဆောင်ရွက်နေရကြောင်း ၎င်းက ပြောသည်။

ယင်းမြို့ဟောင်းကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များတည်ရှိသည့် နေရာအဖြစ် တိုင်းအစိုးရက အသိအမှတ် ပြုထားပြီးဖြစ်ကြောင်း ဝန်ကြီးဦးဟိုပင်က ပြောသည်။

“အဓိက အခက်အခဲက ဘတ်ဂျက်။ အခုသူတို့(ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) ကို အသေးသုံးကနေပြီး သုံးခိုင်းထားရတယ်။ အခုနွေရာသီ ကွင်းဆင်းဖို့ အတွက်ပေါ့”ဟု ၎င်းက ဆိုသည်။

ရှင်မုတ္ထီးမြို့ဟောင်းနေရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တည်ရှိရာဇုန် သတ်မှတ်ပါက ဥပဒေအရ ဒေသခံများ လုပ်ဆောင်ရမည့် အချက်များကို ရှင်းပြနိုင်ရန်အတွက် နေပြည်တော်မှ ပညာရှင်နှစ်ဦးကို ဖိတ်ကြားထားကြောင်း ၎င်းက ပြောသည်။

သို့သော် ၎င်းပညာရှင်နှစ်ဦး မည်သည့် အချိန်တွင် လာရောက်မည်ကိုလည်း ပြန် လည်အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဝန်ကြီးဦးဟိုပင်က ပြောသည်။

ရှေးဟောင်းသုတေသီတစ်ဦးဖြစ် သည့် ဦးအောင်မျိုးကမှု ရှင်မုတ္ထီးမြို့ ဟောင်းမြို့ရိုးနှင့် ကျုံးများဖျက်ဆီးခံနေ ရခြင်းကို ကာကွယ်နိုင်ရန်အတွင် ယင်း မြို့ဟောင်းနေရာအား ရှေးဟောင်းမြို့တည်ရှိရာဇုန်သတ်မှတ်ပေးရန် လိုအပ်နေကြောင်း ပြောဆိုထားသည်။