ဖိုးဖိုးကျောက်ကမ်းခြေတွင် စားသောက်ဆိုင်ဖွင့်လိုက ရွာအုပ်ချုပ်ရေးမှူးထံ စာရင်းပေးရမည်

0
786

ဖိုးဖိုးကျောက်ကမ်းခြေ၌ စားသောက် ဆိုင် ဖွင့်လိုပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးထံတွင် စာရင်းပေးရမည် ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး က ပြောသည်။

ယင်းကဲ့သို့ စာရင်းပေးပြီးပါက ဆိုင်ဆောက်မည့်နေရာကို ရပ်/ကျေးအုပ် ချုပ်ရေးမှူးက သတ်မှတ်ပေးမည်ဖြစ်ပြီး ဆိုင်ရှင်က မိမိအစီအစဉ်ဖြင့် ယာယီ ဆောက်လုပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီနေရာမှာ ဆိုင်ရောင်းချင်ရင် တော့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ် ရေးမှူးကို စာရင်းပေးဖို့တော့လိုတယ်”ဟု ဦးအောင်စိုးမိုးက ပြောသည်။

လောင်းလုံးကျွန်းဆွယ်တွင် ရှိသော ဖိုးဖိုးကျောက်ကမ်းခြေမှာ သဲဖြူဖွေးပြီး ရေသန့်ရှင်းကြည်လင်သည့်အတွက် နာမည်ကြီးလာသည့် ကမ်းခြေတစ်ခုဖြစ်ပြီး နိုင်ငံအနှံ့မှ ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ ရှိသည်။

ယခုနှစ်တွင် စားသောက်ဆိုင်တန်းများ ဆောက်လုပ်ပြီးဖြစ်နေသည့်အတွက် လာမည့်နှစ်မှသာ ယင်းကဲ့သို့ ကြပ်မတ် မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

လက်ရှိတွင် ဆိုင်အတွင်း အမှိုက်ပုံး များထားရှိရန်၊ ထွက်ရှိသည့်အမှိုက်ကို စနစ်တကျစွန့်ပစ်ရန်၊ မိုးရာသီရောက်ပါက ယာယီဆိုင်တန်းများကို ပြန်ဖျက်သွားရေး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့က ကြီးကြပ်ရန် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မိုးရာသီက ယာယီဆိုင် ခန်းအချို့က မဖျက်ဘဲထားခဲ့သည့်အပြင် အမှိုက်များကိုလည်း စနစ်တကျ မသိမ်း ဆည်းခဲ့သည်ကို တွေ့ရကြောင်း ဦးအောင်စိုးမိုးက ပြောသည်။

လက်ရှိတွင် ဆိုင်များနီးကပ်လွန်းနေပြီး ပြဿနာဖြစ်ပွားခဲ့ဖူးသည့်အတွက် လာမည့်နှစ်တွင် ဆိုင်ခန်းများကို မဲစနစ်ဖြင့် ယာယီနေရာချထားရန် ကျောက်တွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဆွေးနွေးထားကြောင်း ကမ်းခြေသန့်ရှင်း သာယာလှပရေးအတွက် ဦးစီးလုပ်ဆောင်နေသည့် ညောပြင်ကျေးရွာနေ ဦးဝင်းဇော်က ဆိုသည်။

“ဆိုင်က ကျပ်ကျပ်တိုးတိုးဖြစ်နေ တယ်။ အနောက်မှာ အမှိုက်ပစ်တာက အစ၊ မီးရှို့တာကအစ စနစ်တကျသွားဖို့ အကြမ်းဖျင်း ဆွေးနွေးထားတယ်”ဟု ဦးဝင်းဇော်က ပြောသည်။

ဖိုးဖိုးကျောက်ကမ်းခြေရှိ ကျောက်တုံးများရှိသည့် အပိုင်းမှာ ညောပြင်ကျေးရွာ အပိုင်တွင်ရှိပြီး သဲသောင်များရှိသည့် အပိုင်းမှာ ကျောက်တွင်းကျေးရွာအပိုင်တွင် တည်ရှိသည်။

Dawei Watch