ကျန်းမာရေးအတွက် လမ်း

0
948

လမ်းဟု ပြောလိုက်လျှင် လူနှင့် ယာဉ်တို့ ကူးလူးသွားလာရန်သာ အဓိက ရည်ရွယ်ဖောက်လုပ်ကြသည်။ လမ်းမတို့ ၏ ဝိသေသကိုယ်၌က ဆက်သွယ်ရေး အတွက် အသုံးပြုရန်သာ ဖြစ်နေသည်။

ယခုခေတ်တွင် လူတို့က ကျန်းမာရေး အတွက် အားကစားလုပ်ရန်ဟု လမ်းကို အသုံးပြုလာကြသည်။ ကားလမ်းမပေါ်၊ ပလက်ဖောင်းရှိလျှင် ပလက်ဖောင်းပေါ် ကျန်းမာရေးအတွက် လမ်းလျှောက်ကြ၊ အပြေးကျင့်လာကြသည်။

ယခင်က မြို့ပြတွင် နေထိုင်သူ အချို့သာ လမ်းလျှောက်သည့်အလေ့ အထ၊ ပြေးသည့်အလေ့အထ ရှိသော်လည်း နောက်ပိုင်းတွင် နယ်ကျေးရွာများ တွင်လည်း ကျန်းမာရေးအတွက် လမ်း လျှောက်သူ၊ ပြေးသူတို့ တွေ့လာရသည်။

ယခုကဲ့သို့ ဒီဇင်ဘာလအတွင်း ဆိုက လမ်းလျှောက်သူ၊ အပြေးကျင့်သူတို့ ပိုများသည်က နှစ်စဉ် ဖြစ်သည်။

ထားဝယ်မြို့၏ ကျန်းမာရေးလမ်း တွင်ဆိုလျှင် နံနက်ရော ညနေပါ လမ်း လျှောက်သူ၊ ပြေးသူတို့ဖြင့် သိုက်မြိုက် နေပါသည်။

“ကျန်းမာရေးလမ်းမှာက မနက်ပိုင်း လမ်းလျှောက်တဲ့သူ များတယ်။ နံနက် လေးနာရီလောက်ကနေပြီး ခုနစ်နာရီ လောက်အထိ လမ်းလျှောက်တဲ့သူတွေ ရှိတယ်”ဟု ကျန်းမာရေးလမ်းတွင် နေ့စဉ် လမ်းလျှောက်နေသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ကျန်းမာရေးလမ်းက ကျဉ်းပြီး ညနေ ဘက်တွင် ကျောင်းကားများ၊ ကျောင်း သားအကြိုအပို့ ဆိုင်ကယ်များအပြင် ထန်းရည်ဆိုင်သို့လာသည့် ဆိုင်ကယ် ကားတို့ကြောင့် လမ်းလျှောက်သူတို့ အတွက် မလုံမခြုံ ဖြစ်ရကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

“ထန်းရည်ဆိုင်တွေရှိတာလည်း ပါ တယ်။ ထန်းရည်ဆိုင်မှာ ထန်ရည်မူးပြီး လမ်းဘေးမှာ ပုဆိုးလှန်ပြီး အိပ်နေတာတောင် တွေ့ဖူးတယ်လို့ ပြောတယ်။ မူး နေတဲ့သူတွေရန်ရှာမှာ ကြောက်လို့၊ တချို့ အပျိုအရွယ်တွေကိုး။ အဲတာကြောင့် ညနေဘက် လမ်းလျှောက်တဲ့သူ နည်းတယ်”ဟု ၎င်းက ပြောသည်။

ထားဝယ်တွင် လမ်းလျှောက်သူ၊ ပြေးသူတို့ ယခုနောက်ပိုင်း ပိုမိုအသုံးပြု လာသည့်လမ်းမှာ လေယာဉ်ကွင်းလမ်း ဖြစ်သည်။ လမ်းကျယ်ပြီး ယာဉ်အသွား အလာနည်းသောကြောင့် လမ်းလျှောက် သူတို့ အကြိုက်တွေ့စေသည်။

သို့သော် ပလက်ဖောင်းကလည်း ကျဉ်းသောကြောင့် လမ်းလျှာက်သူတို့ အချင်းချင်း မျက်နှာချင်းဆိုင်လျှင် တစ်ဖက်ဖက်က ပလက်ဖောင်းပေါ်မှ ကားလမ်းဘက် ဆင်းရှောင်ပေးရသည်။

ပြေးသည့်သူများအတွက်မူ ပလက် ဖောင်းပေါ် ပြေးရန်လုံး၀ အဆင်မပြေ။ လမ်းလျှောက်နေသူတို့ကို ရှောင်လွှဲရင်း ဖြင့် အလုပ်မဖြစ်။

ယာဉ်အသွားအလာ နည်းသည့် လမ်းဖြစ်သောကြောင့် လာသည့် ကား၊ ဆိုင်ကယ်တို့က အရှိန်ပြင်းသည်။

ထို့အပြင် ထိုလမ်းတွင် လူငယ်အုပ်စု လိုက် ပလက်ဖောင်းဘေးမှာထိုင်ပြီး ဂီတာတီး၊ ဘီယာသောက်နေတတ်ရာ လေ့ကျင့်ခန်းလုပ်သူများက သူတို့ကို ရှောင်ကွင်းနေရသေးသည်။

နောက်တစ်ခုမှာ မလွယ်နိုင်တော့သော သန့်စင်ခန်းပြဿနာကို ဖြေရှင်းရန် ထားဝယ် ကျန်းမာရေး လမ်းမများတွင် နေရာမရှိပါ။

“ကျန်းမာရေးလမ်းရော၊ လေယာဉ် ကွင်းလမ်းရောများ လေ့ကျင့်ခန်းလုပ်တဲ့ သူတွေ အပေါ့စွန့်ဖို့နေရမရှိဘူး။ အမျိုး သားတွေအတွက် ချုံတိုးလို့ရပေမယ့်။ အမျိုးသမီးတွေအတွက် အဆင်မပြေဘူး”ဟု လူငယ်တစ်ဦးက ပြောသည်။

မြိတ်တွင်မူ ယခင်က လေယာဉ်ကွင်း လမ်း၊ ဂေါက်ကွင်းလမ်းတို့တွင်သာ လမ်း လျှောက်လေ့ကျင့်ခန်းပြုနိုင်သော်လည်း ယခုအခါ ကန်ကြီးရေကန်ဘောင်ပေါ်တွင်လည်း လူပိုစည်လာသည်။

“လေယာဉ်ကွင်းမှာက လမ်းလျှောက် တဲ့ ပလက်ဖောင်းပေါ် ဆိုင်ကယ်တိုက်ပြီး ရောက်လာတဲ့ဖြစ်စဉ်တွေရှိတော့ လုံခြုံမှု မရှိဘူး။ နောက်ပြီး ဒီလမ်းနဘေးမှာရောင်း ချနေတဲ့ အကင်ဆိုင်က ထွက်တဲ့အနံ့တွေနဲ့လည်း အဆင်မပြေဘူး။ ဒါကြောင့် မလျှောက်တော့တာကြာပြီ” ဟု မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၅၀ နှစ်ကျော်ရှိ ဦးထွန်းဦးက ပြောသည်။

တစ်ချိန်ကမူ ရှုခင်းကောင်းသည့် မြိတ်ကမ်းနားလမ်းတွင် လမ်းလျှောက်သူ ပေါခဲ့သည်။ သို့သော် ယခု ထိုလမ်းကို လမ်းလျှောက်ကျန်းမာရေးလုပ်ရန် မသုံးကြ တော့၊ မသုံးရဲကြတော့ပေ။

“အရင်ကကမ်းနားလမ်းမှာလျှောက် တယ် ဒီကန်ကြီးရေကန်မှာ ပတ်လမ်းလုပ် ပြီးတဲ့နောက် ဟိုမှာသွားမလျှောက်တော့ ဘူး။ ဟိုမှာက လမ်းလည်းကျဉ်းတယ် ကားသံဆိုင်ကယ်သံ တွေလည်းဆူညံ တယ်။ အမူးသမား တချို့နဲ့ အရူးလည်း ရှိတယ်”ဟု မြိတ်မြို့၊ နောက်လယ်ရပ် ကွက်နေ အသက် ၅၈ နှစ်ရှိ ဒေါ်ဝေက ပြောသည်။

မြိတ်မြို့ ဇေယျသီရိရပ်နေ အသက် ၆၂ နှစ်အရွယ်ရှိ ဦးကျော်ရှိန်ကမူ ယခင်က နေအိမ် မြို့ထဲမှ လေယာဉ်ကွင်းအထိ အသွားအပြန် လမ်းလျှောက်ခဲ့သည်။

ယခုတော့ သူ မြို့ထဲတွင် သူ လမ်း မလျှောက်ရဲတော့ပေ။ လမ်းလျှောက်မည့် နေရာ ရေကန်ဘောင်သို့ ဆိုင်ကယ်မောင်း သွားသည်။ လမ်းလျှောက်ပြီးလျှင် ဆိုင်ကယ်မောင်းကာ ပြန်သည်။

“မြို့တွင်းမှာလမ်းလျှောက်ရတာ နောက်ကျောမလုံဘူး။ ကိုယ့်နဲ့အတူတူ သွားတဲ့တစ်ယောက် ဆိုင်ကယ်လာတိုက်ပြီး ခြေကျိုးသွားလို့ ကိုယ်တွေလည်း မြို့တွင်းမှာ မလျှောက်ရဲတော့ဘူး”ဟု ဦးကျော်ရှိန်က ပြောသည်။

ကော့သောင်းတွင်မူ ယခင်က မြို့တွင်း မှ ၃ မိုင်ကျေးရွာအထိ နံနက်စောစော ထပြေးသူတို့ ရှိခဲ့သည်။

ယခုအခါ ယင်းလမ်းတစ်လျှောက် လူနေအိမ်များတိုးလာခြင်း၊ ယာဉ်အသွား အလာများလာခြင်းကို အကြောင်းပြုကာ ယင်းသို့ အပြေးလေ့ကျင့်သူ မရှိကြ တော့ဘဲ ဘုရင့်နောင်အငူတစ်ဝိုက်တွင် သာ လမ်းလျှောက်သူ ပိုများလာတော့သည်။

ကော့သောင်းမြို့ခံ တချို့က မြို့မ အားကစားကွင်းအတွင်း လမ်းဝင်လျှောက် လိုကြသော်လည်း ဘောလုံးကွင်းဝင်းအတွင်း အဆောက်အအုံများလာခြင်း ဘောလုံး ကွင်းဝင်းစည်းရိုးကို သော့အမြဲ ခတ်ထား ခြင်းတို့ကြောင့် အခက်တွေ့နေရကြောင်း ကော့သောင်းမြို့ခံ လူငယ်တစ်ဦးက ပြော သည်။

မည်သို့ဆိုစေ လမ်းလျှောက်ရန်၊ ပြေးရန် သီးသန့်နေရာ မရှိသေးသည့် ဒေသများတွင် လမ်းလျှောက်လိုသူ၊ အပြေး ကျင့်လိုသူတို့က ကားလမ်းမများကို မလုံမခြုံ မှီခိုအသုံးပြုနေကြရဦး မည်သာ ဖြစ်ပါသည်။

တနင်္သာရီသတင်းအဖွဲ့