ငှက်သိုက်ထုတ်သူ များလာသဖြင့် ဈေးကျ

0
1133

ငှက်သိုက်မွေးမြူထုတ်လုပ်သူ များလာသည့်အတွက် ဈေးကျနေကြောင်း မြိတ်ဒေသ ငှက်သိုက်လုပ်ငန်းရှင်များ ထံမှသိရသည်။

မြိတ်ဒေသအတွင်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ငှက်သိုက်မွေးမြူသူ ရာဂဏန်းရှိ နေရာမှ ယခုအခါတစ်ထောင်နီးပါးအထိ ရှိလာသည့်အတွက် ဈေးနှုန်းများလည်း ကျဆင်းသွားခဲ့ကြောင်း ငှက်သိုက်လုပ်ငန်းရှင်များက ပြောသည်။

လွန်ခဲ့သည့်၇နှစ်ခန့်က ငှက်သိုက် ဖြူအသန့်တစ်ပိဿာ လက်လီဈေးကျပ် ၄၂ သိန်းရှိခဲ့ရာမှ ယခုအခါလက်လီ ၃၈ သိန်းနှင့် လက်ကားဈေးမှာ ၃၅သိန်းသာ ကျန်တော့ကြောင်းပြ My Birds Nest ငှက်သိုက်ရောင်းဝယ်သူဦးဟန်မင်းစိုးက ပြောသည်။

အလားတူ အဝါအသန့်လက်လီ၃၈ သိန်းမှ ၃၅သိန်း (လက်ကား၃၂သိန်း)၊ အကြေအသန့်လက်လီ ၃၅ သိန်းမှ ၃၀ သိန်း(လက်ကား၂၇သိန်း) တို့သာ အသီးသီး ပေါက်ဈေးရှိတော့ကြောင်း ၎င်းက ဆိုသည်။

“တစ်နိုင်တစ်ပိုင်လုပ်တဲ့သူတွေကတအားများလာတော့ ဈေးတွေလည်းကျ ဆင်းလာကြတယ်”ဟု ၎င်းက ပြောသည်။

ငှက်သိုက်များ အရောင်းအဝယ်ပါး လာသည်မှာ ၅နှစ်ခန့်ရှိနေပြီဖြစ်ပြီး ဈေးနှုန်းမှာလည်း ကြိုက်ရောင်းဈေးဖြစ်နေကြောင်း မြိတ်မြို့၊ ကမ်းနားလမ်းရှိသဘာ၀ ငှက်သိုက်အိမ်မှလုပ်ငန်းရှင် ဒေါ်မြင့်ဝင်းက ဆိုသည်။

“သူကြိုက်တဲ့ဈေးနဲ့ သူရောင်းနေကြတာပဲ။ တချို့ကရောပြီး ဈေးပါးပါးနဲ့ရောင်း နေတာတွေ ရှိတယ်”ဟု ၎င်းက ပြောသည်။

ငှက်သိုက်ဈေးနှုန်းများ တည်ငြိမ်မှု မရှိတော့ဘဲ တစ်နိုင်တစ်ပိုင်မွေးမြူသူများ ငွေလိုအပ်လျှင်အရှုံးခံပြီး ရောင်းနေကြသည်ကိုလည်းတွေ့ရကြောင်း နှစ်ပေါင်း ၄၀နီးပါးခန့် ယင်းလုပ်ငန်းလုပ်ကိုင်လာသူ ဒေါ်မြင့်ဝင်းက ပြောပြသည်။

၂၀၁၈- ၂၀၁၉ဘဏ္ဍာနှစ်အထိ စာရင်းများအရ ဇီ၀ဇိုးငှက်ကို အိမ်တွင် မွေးမြူကာ ငှက်သိုက်ထုတ်လုပ်ရန် တနင်္သာရီတိုင်းဒေသကြီး သစ်တောဌာနနှင့်စာချုပ် ချုပ်ဆိုထားသည့်အိမ်၃၇၁လုံး အထိရှိကြောင်း သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။

Dawei Watch