ဝန်ထမ်းသတ်လျှင် တိုင်းပြည်သေသလော

0
828

ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဟူသည့် စာလုံးကြီးတွေနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်က ဝန်ထမ်းတွေရဲ့ စိတ်ကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ် ချက်ဖြင့် နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံ လျက် နိုင်ငံ့အကျိုး ဆောင်ကြမည့် နိုင်ငံ့ ဝန်ထမ်းများကို လေ့ကျင့်ပေးနေခဲ့သည်မှာ ကြာပါပြီ။ ထိရောက်ပါရဲ့လား။ တွေးမိပါသည်။

မှတ်မှတ်ရရ လွန်လေသည့် ၂၀၁၈ ဒီဇင်ဘာလအတွင်းက လူမှုကွန်ရက် မီဒီယာပေါ်တွင် ဒေါက်တာ စိုးသူရဇော်က ဝန်ထမ်းတွေရဲ့ အမူအကျင့်ကြောင့် နိုင်ငံ တော်ရဲ့ ပုံရိပ်ကို ထိခိုက်စေတတ်ကြောင်း ဝေဖန်ရေးသားသည့် ဇီးပင်ကြီးစစ်တမ်း အပိုင်း သုံးပိုင်းကို သတိရမိပါသည်။

စစ်တမ်းမှာ ပါဝင်သည့်အကြောင်း အချက် အားလုံးကို မှန်သည်ဟု မဆိုလို သော်လည်း သူ့ဆောင်းပါး အပိုင်းနှစ်ပါ သူထောက်ပြသည့် ဝန်ထမ်းသတ်လျှင် တိုင်းပြည်သေသည် ဆိုသည့်အချက်ကို လေးလေးနက်နက် တွေးကြည့်ဖို့ ကောင်း ပါသည်။ ထို့အတွက်လည်း ဆက်စပ် တွေးနေမိပါသည်။ ဝန်ထမ်းသတ်လျှင် အဘယ်သို့ တိုင်းပြည် သေပါသနည်း။

နိုင်ငံ့ဝန်ထမ်းတွေအတွက် လစာ၊ ရိက္ခာ နှင့် အကျိုးခံစားခွင့် ထိုက်သင့်သလောက် (အပြည့်အဝ မဆိုလိုပါ) ပေးအပ်ပြီး လုပ်ပိုင်ခွင့်တွေ အပ်နှင်းထားသည်မှာ အဘယ်အတွက်ဖြစ်ပါသနည်း။ အမှန် ရော ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နှင့် အကျင့် စာရိတ္တ၊ စိတ်နေသဘောထားသည် နိုင်ငံ့ အတွက် နိုင်ငံ့တာဝန်တွေ ထမ်းဆောင်ဖို့ အတွက် အသင့်ရှိကြပါပြီလား။ ဆက်စပ် တွေးတော မိပါသည်။

အမှန် ဝန်ထမ်းဘ၀မှ လာသည့် ကျွန်တော့်အဖို့ ဝန်ထမ်းတွေရဲ့ အခက်အခဲ၊ အကျပ်အတည်းကို နားလည် စာနာပါ သည်။ ပေးထားချက်နှင့် မပြည့်စုံသည့် အနေအထားမှာ ဖိအားတွေနှင့် အလုပ် လုပ်နေကြရသည့်အဖြစ်တွေကို ကိုယ် တိုင်လည်း ခံစားဖူးသည်ဖြစ်ရာ ကိုယ် ချင်းလည်းစာ ညှာလည်းညှာတာပါသည်။ သည်အဖြစ်တွေကိုလည်း မကြာခဏဆိုသလို ဝန်ထမ်းတွေရဲ့ဘက်က ခံစားလျက် မကြာခဏ ထောက်ပြရေးသားမိတတ်သူလည်းဖြစ်ပါသည်။

သို့သော် ဝန်ထမ်း အများစု၏ စိတ်ဓာတ်နှင့်ခံယူချက် လုပ်ရပ်များမှာ ပြင်ဖို့ အတော်လိုအပ်နေ သေးသည်မှာလည်း အမှန်။

နိုင်ငံတော်၏ ဌာနဆိုင်ရာများကို ဦးစီးဌာနများနှင့် လုပ်ငန်းဌာနများဟု နှစ်ပိုင်းခွဲနိုင်ပါသည်။ လုပ်ငန်းဌာနများ သည် နိုင်ငံတော် အတွက် ဝင်ငွေရှာပေးရ သည့် ဌာနများဖြစ်ပြီး ဦးစီးဌာနများသည် ပြည်သူ့အတွက် ဝန်ဆောင်မှု ပေးကြရ သည့် ဌာနများသာ ဖြစ်ပါသည်။ ပြည်သူ့ ဝန်ဆောင်မှု Public Service ဆိုသည့် လုပ်ငန်းသဘောသဘာ၀ကို ဝန်ထမ်းတို့ ကျေညက်ခြင်းမရှိသလို သည် နေ့အထိ သူတို့သည်သာ အရှင်သခင်၊ သူတို့ကို ကိုးကွယ်ပါမှ ပြည်သူတွေ အလုပ်ဖြစ်မည့် သဘော သဘာ၀တွေ ပညာပြမှုတွေ ရှိနေဆဲပင်။ ပြည်သူ့ဝန်ဆောင်မှုပေး ကြရမည့် ဝန်ထမ်းစိတ် ဝန်ထမ်းတွေမှာ ရှိမလာလျှင် အစိုးရ၏ ယန္တရားသည် အကျပ်အတည်းကြုံမည်ကအမှန်။

တာဝန်၊ ဝတ္ထရား၊ လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများ(Standard Operating Procedure SOP) ဆိုသည်က အလဟဿ ပြဌာန်းထားသည်မဟုတ်သော် လည်း အဲသည်အချက်အလက်တွေ မကျေညက်ပါမူကား ရုံးတွေ ဌာနဆိုင်ရာ တွေမှာ ဝဲလည်လည် ခံစားနေကြရဆဲ ဆိုသည်က အမှန်။ အဲသည် အချက်အလက် တွေ ကျေညက်ပါလျှင်လည်း အရစ်ခံရ သည်က ပြည်သူတွေသာ ဖြစ်နေကြဆဲ ဖြစ်ပါသည်။

တစ်နေ့ ကျွန်တော့်အိမ်ဆိုင်လေးသို့ စည်ပင်ခွန် စည်းကြပ်ရန် ရုံးသို့ဆင့်ခေါ် စာ ရောက်လာသည်။ ဆိုရလျှင် ဆင့်ခေါ်စာ သည် အတွင်းရေးမှူးဆိုသည့် ဌာနဆိုင်ရာ အရာရှိတစ်ယောက်ရဲ့ လက်မှတ်နှင့် အတော်အတန်ရင့်သီးသည့် စကားလုံး အသုံးအနှုန်းတွေ ပါသည်။ ဆိုရလျှင် ပထမအကြိမ်၊ ဒုတိယ အကြိမ် ဆင့်ခေါ် တာ မလာရောက်သဖြင့် ယခု နောက်ဆုံး အကြိမ် ပြင်းထန်စွာ သတိပေး အကြောင်း ကြား အပ်ပါသည် ဆိုသည့်သဘောကို အတော်ရင့်သီးသည့် စကားလုံးတွေနှင့် သုံးနှုန်းကာ ရုံးခေါ်သည့်စာ ဖြစ်သည်။

အခွန်အခတွေ နှစ်စဉ်မပြတ် မပျက် မကွက် ဆောင်နေကျ ဖြစ်သည့် ကျွန်တော့် အတွက် အတော် မခံချိမခံသာဖြစ်ရသည့် ရုံးစာ ဖြစ်သည်။ ညနေ ချက်ချင်းဆိုသလို ရုံးကအိမ်သို့ ခဏပြန်ကာ ကိုယ် အခွန် ဆောင်ထားသည့် စာရွက်စာတမ်း အထောက် အထားတွေယူလျက် အဲသည် ရုံးဆီ ဆိုင်ကယ် အပြင်းမောင်းကာ ကမူးရှူး ထိုး သွားသည်။ စိတ်ထဲမှာလည်း အတော် ခံပြင်းသည်။ ရုံးချိန်ပေမယ့် အဲသည် ရုံးမှာ တာဝန်ရှိသူက မရှိ။ စာအရ အဲသည်နေ့ က ချိန်းဆိုပေမယ့် တာဝန်ရှိသူတွေက လူကြီးလမ်းကြောင်းရှိသဖြင့် လူကြီး ကြိုဆိုရန် သွားနေသတဲ့။ ကိုယ့်မှာ စိတ်ထဲ တနုံ့နုံ့။

နောက်နေ့ ထပ်သွားသည့်အခါကျမှ ရုံးစာရေးမလေးက အဲသည်စာကို လမ်း တစ်လမ်းလုံး ရှိသမျှ ဆိုင်တွေကို ညီတူ ညီမျှ ဝေလိုက်ပါသတဲ့။ ကျွန်တော့်လို မခံချိမခံသာ လာပြောကြသည့် လုပ်ငန်းရှင် တွေ အတော်များများလည်း တွေ့ကြရ သည်။ စာရေးမလေးက အလွယ်လေးပဲ ပြောသည်။

“အခုလို အချက်အလက်နဲ့ လာပြော ရင် အဲသည်ဆိုင်တွေ အခွန်ဆောင်ထားပြီး ဆိုတဲ့အကြောင်း မှတ်သားလိုက်ပြီး ကျွန်မ စာရင်းက ဖျက်လိုက်ရုံပဲ ပေါ့ရှင်”တဲ့။ အလွယ်လေး။

“နို့ ခင်ဗျားဘေးက စားပွဲမှာ အဲသည် စာရင်းတွေ အသင့်ရှိနေတာပဲ။ အဲသည် စာရင်းတွေနဲ့ သေချာ ပြန်တိုက် စစ်ဆေး ပြီးမှ စာထုတ်ပါလားဗျာ။ နောက် ခင်ဗျား တို့ ထုတ်တဲ့ ရုံးစာကိုက အကြွေးရှင်က အကြိမ်ကြိမ် အကြွေးတောင်းတာ လာမပေး လို့ နောက်ဆုံးအကြိမ် အသိပေးပါသည်။ ပျက်ကွက်ပါက ပြင်းထန်ထိရောက်စွာ အရေးယူပါမည် ဆိုတဲ့ စာသားတွေနဲ့ စာကို အဲသလို အခွန်ထမ်းပြည်သူတွေကို မလေးမစား လက်လွတ်ဝေရ သလားဗျာ”လို့ ပြောတော့ စာရေးမက အလွယ်လေးပဲ ပြောသည်။ ပြန်တောင်းပန်ဖို့နေနေသာ သာ သူ့အမှားကိုပင် သိပုံမပေါ် ။

လက်မှတ်ထိုးသည့် အရာရှိ ကလည်း သိပုံမပေါ်။

“အခုလို အချက်အလက်နဲ့ လာပြော ရင် အဲသည် ဆိုင်တွေ အခွန်ဆောင်ထားပြီး ဆိုတဲ့ အကြောင်း မှတ်သားလိုက်ပြီး ကျွန်မ စာရင်းက ဖျက်လိုက်ရုံပဲပေါ့ရှင်”တဲ့။

အရင်အစိုးရ လက်ထက် မဟုတ်ပါလေ။ သည်ဘက် ခေတ်မှ ဖြစ်တာမျိုး။ သည်နိုင်ငံမှာ ပြည်သူဆိုတာက ကျသင့် သည့် အခွန်တွေ ဆောင်ရင်း အဲသလို ဆက်ဆံခံရတာမျိုးက မဆန်း။
တစ်နေ့ ဆေးခန်းလိုင်စင် သက်တမ်း တိုးဖို့ရာ လက်မှတ်တွေ လိုက်စုကြရသည်။

ဌာနပေါင်းစုံအနက် ဌာနတစ်ခုမှာ အခက်အခဲ အသေးလေးကြုံရသည်။ သည်ဌာနသည် ဆေးခန်းလိုင်စင်အတွက် တိုက်ရိုက်ကြီးတော့ မသက်ဆိုင်ပါလေ။ ဆိုလိုတာက ကိုယ့်ဘက်က မပျက်မကွက် နိုင်ငံအတွက် တာဝန်ကျေသည့် စာရွက် စာတမ်း အထောက်အထား ပြနိုင်လျှင် ပြီးသည်။ အဲသည်မှာ အခက်ကြုံရသည်။ အထက်အရာရှိဖြစ်သော လက်ထောက် ညွှန်မှူး အပြောင်းအလဲမှာ လက်ထောက် ညွှန်မှူးက အားလုံးကို ချုပ်ကိုင်ထား သည်တဲ့။ သူ မသိလျှင် ဘာမှ လုပ်ခွင့်မရှိ ပါတဲ့။ ဆိုတော့ သူ့ကို စောင့်ရမည်။ သူက ရုံးမှာ မရှိ။ အဖြစ်အပျက်က မဖြစ် သင့်သည့် အခြေအနေ။ ကိုယ့်ဘက်က အားလုံး အပြည့်အစုံ ရှိပါလျက် ပြီးသင့် သည့် အလုပ်တစ်ခု ကြန့်ကြာကာ အချိန်မီ မပြီးမည့်အနေအထား။

ကျွန်တော်ကိုက အတော် အရစ်ရှည် သူ။ ချက်ချင်း အဲသည်ရုံးက တာဝန်ရှိသူကို မေးသည်။ ရုံးဖွဲ့စည်းပုံမှာ လက်ညွှန် လက်အောက်မှာ ဦးစီးအရာရှိ လေးငါး ယောက် ရှိသည်။ ပြီးမှ ဒုဦးစီး တစ်ဆယ် နီးနီး ရှိသည်။ လက်ထောက်ညွှန်မှူး တာဝန်အရ ခရီးသွားနေချိန်မှာ ဘယ်သူ့ ကို လွှဲအပ်ခဲ့ပါသလဲလို့ ချေချေငံငံမေးတော့ တာဝန်ခံထားရသည့် ဦးစီးအရာရှိနှင့် တွေ့ရသည်။ အနေအထားကို ပြောပြသည်။ ကိုယ့်ဘက်က စာရွက်စာတမ်းအပြည့် အစုံနှင့် နည်းလမ်းတကျ မဖြစ်မနေ ဆောင်ရွက်ပေးရမည့် အလုပ် တစ်ခုကို တာဝန်ခံကာ လက်မှတ်ထိုးခွင့်မရှိ ဆိုသည့် အကြောင်းပြချက်ဖြင့် အချိန် ဆွဲဖို့ သင့်/မသင့်၊ ရုံးလုပ်ငန်း လည်ပတ် ဖို့အတွက် ဖွဲ့စည်းပုံအရ ဆင့်ကဲတာဝန်ယူ တာဝန်ခံ ကြရမည့် အလုပ်တွေကို အဲသလို အကြီးအကဲ မရှိပါဆိုသည့် အကြောင်းပြချက်ဖြင့် လုပ်ငန်းကြန့်ကြာဖို့ မသင့်ကြောင်း ပြောတော့ ဦးစီးအရာရှိက တောင်းပန် စကားဆိုပါသည်။ သူ့ကို လွှဲအပ်တာဝန် ပေးခဲ့ပါကြောင်း၊ ကျွန်တော်ပြောတာ နည်းလမ်းကျပါကြောင်း၊ အချို့ အရာရှိ တွေရဲ့ အကျင့်နဲ့ လုပ်ရပ်တွေကြောင့် Centralization ပုံစံ ပြန်ဖြစ် လာသလို အခက်အခဲ ကြုံလာရတာဖြစ် သဖြင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန် ပြီး သူ့အနေဖြင့်တာဝန်ခံ လက်မှတ် ထိုးပေးပါမည့်အကြောင်း ဆိုသည်။

သို့သော် ကိုယ့်ဘက်က အခြားရုံးက ပြန်လာချိန်မှာ သူမရှိတော့၊ အစည်းအဝေး တက်နေသည် ဟုသိရပြီး ပထမ ရစ်သည့် အရာရှိကလည်း သူ့ဘက်က ဘာမှ ဆောင်ရွက်မပေးနိုင်ကြောင်း၊ တနင်္လာနေ့ မှ ပြန်လာပါ ဆိုတာနှင့်ပဲ လက်လျှော့ ပြန်ခဲ့ရပါ၏။ သူ့အကြည့်တွေနဲ့ လေယူ လေသိမ်းက အဆင့်တွေ မကျော်ချင်စမ်း ပါနဲ့ကွာ ဆိုသည့်အချိုးမျိုး။ ဘာပြောပြောအမှန် သူတို့ဘက်က ဆောင်ရွက်ပေး ကြရမည့် အလုပ်တစ်ခုသည် မဆီလျော်သည့် အကြောင်းပြချက်နှင့် ပညာပြခံရ ကာ သူချိန်းသည့် ရက်မှသာ အဲသည် လုပ်ငန်း ပြီးစီးခဲ့သည်။

အဖြစ်က အဲသလောက်နှင့် မပြီး။ ကျွန်တော်နှင့် အခက်အခဲ ထပ်ဆုံရသည့် အချိန်ရောက်လာ သည်။ ကိုယ့်ဘက်က လုပ်ငန်းကိစ္စ အတွက် အဆင်ပြေချောမွေ့ စေရေးအတွက် သူတို့ကို အကူအညီ တောင်းရမည့်ကိစ္စ ကြုံလာသည်။ အမှန် လုပ်ထုံးလုပ်နည်း အတိုင်းသာဆိုလျှင် သည်အလုပ်က လေးငါးရက် အချိန် ပေးရမည့်အနေအထား။ ကိုယ်တွေဖက်က လိုအပ်သည့် အကူအညီအတွက် ဆုံးဖြတ် ချက် ချပေးနိုင်သူက သူ့အထက်အရာရှိ လက်ထောက်ညွှန်မှူးသာ။ ခက်တာက အဲသည်အချိန်မှာလည်း သူ့အထက် အရာရှိ ရုံးမှာ ရှိမနေ၊ အစည်းအဝေးကိစ္စ တိုင်းရုံးသို့ တာဝန်ဖြင့် သွားနေသလို ယခင်အခေါက်က ကျွန်တော် ဝင်တွေ့သည့် ဦးစီးအရာရှိလည်း သူနှင့်အတူ ပါသွား သည်။ ဆိုတော့ ကျွန်တော့်အတွက် အခက်အခဲ ကြုံရသည်။

အမိန့်အတိုင်း ကိုယ်တွေမှာ လုပ်ပိုင် ခွင့် မရှိဘူးကွ။ နက်ဖြန် သောကြာနေ့ ပြန်လာကြည့်။ အေဒီ ပြန်ရောက်ချင် ရောက်မယ်၊ မရောက်ချင်မရောက်ဘူး။ တနင်္လာမှ သေချာမယ်တဲ့။ ဘာမှ ဆက်လုပ် မရတော့။ သူ့ဘက်ကလည်း ကိုယ့်ကို အတော် သတိထား ဆက်ဆံသည်။ သူ့ရှေ့က ဖုန်းမှာ အသံဖမ်းစက် ဖွင့်ထား ပြီး သူ့လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ခပ်တည်တည် ပညာသားပါပါ ပညာပေး နေသည်။ ကိုယ့်ဖက်က ဒေါသထွက်ကာ စကားအပြောအဆိုမှားလျှင် ခံရမည့်အနေ အထားအထိကို သည်လူက ကိုယ့်အပေါ် သတိကြီးကြီးထားနေတာ ဘောင်အတွင်း မှ ပညာပေးနေတာ မြင်နေရသည်။ ကြုံနေရသည်။ ကျွန်တော့်အတွက် ကလည်း တစ်ရက်ဆိုတစ်ရက် အခက်အခဲ ရှိနေသည်။ နောက်ဆုံး သူ့ကို ခွင့်တောင်း သည်။ သူ့ လက်ထောက် ညွှန်ကြားရေးမှူး ကို ကျွန်တော် ဖုန်းဆက် အကူအညီ တောင်းကြည့်ပါမည်။ သူက ခွင့်ပြုလျှင် ကူညီနိုင်ပါမည်လော ဟု ချေချေငံငံ မေးရသည်။ သူ့ကို ကျော်သည် ခွသည် မခန့်လေးစားလုပ်သည်ဟု သူက မြင်လျှင်လည်း အခက်။

ဖုန်းဆက်တော့ အဆင်ပြေပါသည်။ ကိုယ်တိုင်က အခွင့်အရေး မတရား တောင်းတာ မဟုတ်သလို ဘောင်အတွင်း က လိုအပ်နေသော အကူအညီကို တောင်းခြင်းဖြစ်ရာ သူနှင့်ကိုယ် မမြင်ဖူး မသိဖူးပါဘဲလျက် “လိုအပ်တဲ့အကူအညီ ရှိရင် ပြောပါဆရာ၊ ခုလည်း တပည့်တွေကို ကူညီခိုင်းပါ့မယ်”လို့ ပြေပြစ်ချိုသာ သော အဖြေစကားနှင့် အကူအညီကို ရခဲ့ပါသည်။

အဲသလိုသာ ကိုယ့်ဘက်က တစိုက်မတ်မတ် မကြိုးစားခဲ့မူကား နောက် လေးငါးရက်အထိ အချိန်တွေ ကုန်ပါလိမ့်မည်။

အဲသည်နေ့က လိုအပ်သည့်အကူအညီ ကို ကျွန်တော် ရခဲ့ပါသည်။ သို့သော် သည်အကူအညီနှင့် လမ်းကြောင်းသည် အဖြေမဟုတ်သလို သည့်ထက် လွယ်ကူ အဆင်ပြေချောမွေ့သင့်သည့် Flexibility ရှိသင့်ရှိထိုက်ပါသည်။ သာမန် ပြည်သူ တွေအတွက် အစဉ်အမြဲ လိုအပ်သည့် အကူအညီ ပေးနိုင်ဖို့ရာပြည်သူ့ ဝန်ဆောင် မှု ပေးကြရမည့် ဝန်ထမ်းအဖွဲ့အစည်း အားလုံးက တာဝန်ရှိပါသည်။

ဝန်ထမ်းအများစုရဲ့ ကိုယ်ပိုင်အသိ နှင့် ခံယူချက်တွေသည် နိုင်ငံအတွက် အသင့်မဖြစ်သေးသလိုသည် ဝန်ထမ်း တွေရဲ့ Mindset တွေ ပြောင်းလဲလာဖို့ရာ နည်းလမ်းကိုလည်း ဘယ်အစိုးရမှ မသိ သေး။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်း မည်ဟူသည့် စာလုံးကြီးတွေနှင့် ဗဟို ဝန်ထမ်းတက္ကသိုလ်က ဝန်ထမ်းတွေရဲ့ စိတ်ကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံလျက် နိုင်ငံ့အကျိုး ဆောင် ကြမည့် နိုင်ငံ့ ဝန်ထမ်းများကို လေ့ကျင့် ပေးနေခဲ့သည်မှာ ကြာပါပြီ။ ထိရောက်ပါ ရဲ့လား။ တွေးမိပါသည်။

ဝန်ထမ်းသတ်လျှင်၊ လက်အောက် ငယ်သား သတ်လျှင် ကိုယ့်အထက်အရာရှိ သေသည်၊ ချောက်ကျသည်။ အစိုးရ သေသည် ဆိုသည့်ဒေါက်တာ စိုးသူရဇော် ၏ ဇီးပင်ကြီးစစ်တမ်းပါ စာသားလေး တွေကို ကျွန်တော်တို့ ပြည်သူတွေ လက်တွေ့ ဘ၀နယ်ပယ်မှာ ကိုယ်တွေ့ ကြုံဆုံနေရ ရင်ဆိုင် ခံစားနေကြရပါသည်။ အမှန် ဟိုးအောက်ခြေအထိ ထဲထဲဝင်ဝင် သာ ပြန်ကြည့်ပါလျှင် ထို့ထက်မက ဆိုးရွားစွာ ဖြစ်ပျက်ရင်ဆိုင်တွေ့ကြုံ ခံစားနေကြရသည့် အခြေအနေတွေသည် သည်နိုင်ငံမှာ ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုရမည်သာ။

ကိုရိုးဆေး