နေပြည်တော်ကျောင်းသား အားစားပြိုင်ပွဲ တနင်္သာရီကျောင်းသား တစ်ရာနီးပါးပြိုင်မည်

0
659

နေပြည်တော်တွင်ကျင်းပမည့် ကျောင်းသားအားကစားပွဲတော်ကို တနင်္သာရီ တိုင်းမှ ကျောင်းသား၊ ကျောင်းသူ တစ်ရာ နီးပါးသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့်ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။

ယင်းအားကစားပွဲတော်တွင် ဘောလုံး ၃၆ ဦး၊ ဘော်လီဘော ၂၄ ဦး၊ ပြေးခုန်ပစ် ၂၈ ဦး၊ ပိုက်ကျော်ခြင်း ၅ ဦး စုစုပေါင်း ၉၃ ဦးပါဝင်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“တနင်္သာရီတိုင်းက အားကစားနည်း အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်တာပေါ့” ဟု ဦးစိုးမိုးနိုင်က ပြောသည်။

နေပြည်တော်ကျောင်းသား အားကစား ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူ၊ ကျောင်းသားများကို ဒီဇင်ဘာ လ ၂ ရက်မှ ၅ ရက်အထိကျင်းပသည့် သုံးခရိုင်ကျောင်းသားအားကစား ပွဲတော် မှ ထူးချွန်သူများကို ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းရွေးချယ်ထားသည့် ကျောင်းသား၊ ကျောင်းသူများကို ဒီဇင်ဘာလ ၆ ရက်မှ ၂၁ ရက်အထိ ၁၆ ရက်အကြာ ထားဝယ် မြို့တွင် စခန်းသွင်းလေ့ကျင့်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

နေပြည်တော် ကျောင်းသား အားကစားပွဲတော်ကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းနှင့်ပြည်နယ် အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းအားကစားပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်အထိ ကျင်းပမည်ဖြစ် ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး