တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဘာသာတွဲ ၅ ဖြေဆိုသူ အနည်းဆုံး

0
508

တနင်္သာရီတိုင်းမှ လာမည့် မတ်လ တွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်း သား၊ ကျောင်းသူများမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်းဘာသာများပါဝင်သည့် ဘာသာတွဲ ၅ ကို ဝင်ရောက်ဖြေဆိုသူ အနည်းဆုံးဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံး စာရင်းအရ သိရသည်။

တိုင်းအတွင်း ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ (အတွဲ ၁)၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ (အတွဲ ၂)၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း(အတွဲ ၅)၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ (အတွဲ ၇) စသည့် ဘာသာတွဲလေးတွဲကို ဖြေဆိုရန် လျှောက် ထားသူ စုစုပေါင်း နှစ်သောင်းကျော် (၂၅၂၁၇) ဦးရှိကြောင်း တိုင်းပညာရေးမှူး စာရင်းအရ သိရသည်။

ယင်းတို့အနက် ဘာသာတွဲ ၅ ကိုဖြေဆိုရန် လျှောက်ထားသည့် ကျောင်း သား ၄၅ ဦးသာရှိပြီး ကျောင်းသူများ လျှောက်ထားခြင်းမရှိကြောင်း ယင်း စာရင်းအရသိရသည်။

ယင်းကျောင်းသား ၄၅ ဦးမှာ မြိတ် မြို့နယ်မှ ၄၂ ဦး၊ ထားဝယ်မြို့နယ်မှ ၂ ဦးနှင့် ကျွန်းစုမြို့နယ်မှ ၁ ဦးတို့ဖြစ် သည်။

ဘာသာတွဲအလိုက် လျှောက်ထား သူ ကျောင်းသားဦးရေ များခြင်း၊ နည်း ခြင်းသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ ရွေးချယ်မှုနှင့်သာ သက်ဆိုင်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ကလေးတွေ ဘာသာတွဲရွေးချယ် လျှောက်ထားတဲ့နေရာမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိ တယ်” ဟု ဒေါ်မြင့်စိန် က ဆိုသည်။

တိုင်းအတွင်း လာမည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုရန် အများဆုံး လျှောက်ထားသည်မှာ ဘာသာတွဲ ၁ ဖြစ်ပြီး ဒုတိယအများဆုံးမှာ ဘာသာတွဲ ၇ ဖြစ်သည်။

ယမန်ပညာသင်နှစ်က တိုင်းအတွင်း ဘာသာတွဲ ၅ ဖြေဆိုသူ ၄၀ ဦးရှိခဲ့ ကြောင်း တိုင်းပညာရေးမှူးရုံး စာရင်း အရ သိရသည်။

ကျော်သူစိုး