နွေရာသီ ကျောင်းနှစ်လသာ ပိတ်တော့မည်

0
957

ယခုပညာသင်နှစ်မှစပြီး အခြေခံ ပညာကျောင်းများ၏ နွေရာသီကျောင်း ပိတ်ကာလမှာ နှစ်လသာရှိတော့မည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြားချက် အရသိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ်များကမူ အခြေခံပညာကျောင်းများ၏ နောက်ဆုံး စာမေးပွဲများကို ဖေဖော်ဝါရီလတွင် ကျင်းပပြီးပါက မတ်လမှ မေလလယ် အထိကို နွေရာသီကျောင်းပိတ်ကာလ အဖြစ် သတ်မှတ်လေ့ရှိပြီး ယင်းကို အရပ်အခေါ် နွေရာသီကျောင်းသုံးလ ပိတ်သည်ဟု ခေါ်ဆိုကြသည်။

ယခုပညာသင်နှစ်တွင်မူ အခြေခံ ပညာကျောင်းသားများအားလုံး မတ်လ ကုန်အထိ ကျောင်းတက်ရမည်ဖြစ် ကြောင်း အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက စံတော် ချိန်သတင်းဌာနကိုပြောကြားထားသည်။

ယင်းအတွက်ကြောင့် ယခုပညာ သင်နှစ်တွင် နွေရာသီကျောင်းပိတ် ကာလမှာ ဧပြီလနှင့် မေလ နှစ်လသာ ကျန်တော့မည်ဖြစ်ပြီး အခြေခံပညာကျောင်း သားများ(တက္ကသိုလ်ဝင်တန်းမပါ) အနေဖြင့် နောက်ဆုံးစာမေးပွဲများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီးမှ ဖြေဆိုကြရမည် ဖြစ်သည်။

ယခင်ကတည်းက ပညာသင်နှစ် တစ်နှစ်ကို ဇွန်လ ၁ ရက်မှ နောက်တစ်နှစ် မတ်လ ၃၁ ရက်အထိ သတ်မှတ်ထား ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ရှင်းပြသည်။

အခြေခံကျောင်းသားများ မတ်လ အထိကျောင်းတက်ပြီးမှ နောက်ဆုံး စာမေးပွဲဖြေဆိုရမည် ဆိုသည့် ကိစ္စကိုမူ တနင်္သာရီတိုင်းသို့ စာဖြင့် တရားဝင် ညွှန်ကြားလာခြင်းမရှိသေးကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

“တကယ်လို့ မတ်လအထိ ကျောင်း တက်ရမယ်ဆိုရင်လည်း ပညာသင်နှစ် အတွင်းမှာပဲ သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့် တို့အနေနဲ့ကတော့ မှတ်ချက် ပေးစရာမရှိဘူး”ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်ရှိ သင်ကြားရေး ဆရာ၊ ဆရာမအချို့ကမူ မတ်လကုန်မှ စာမေးပွဲဖြေဆိုပါက အမှတ်ခြစ်ရသည့် ကာလနှင့် ဧပြီလကုန်တွင် တက်ရမည့် သင်ရိုးသစ်သင်တန်းတို့ အလွန်နီးကပ် နေသောကြောင့် အခက်အခဲရှိကြောင်း ပြောဆိုကြသည်။

ဧပြီလကုန်တွင် ၂၀၂၀- ၂၁ ပညာ သင်နှစ် စတင်ပြောင်လဲသင်ကြားမည့်အတန်းများအတွက် သင်ရိုးသစ်သင်တန်း များကို စတင်ဖွင့်လှစ်တော့မည်ဖြစ် ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရ သည်။

ကျော်သူစိုး