အိမ်လွမ်းဝေဒနာ၊ ပြီးတော့ မိုင်ပေါင်း ၅၀၀

1102
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဖုန်းလိုင်းလည်း မမိ၊ လမ်းပန်းဆက် သွယ်ရေးလည်း ခက်ခဲပြီး ပြင်ပကမ္ဘာက မင်းနဲ့သိတဲ့ ဘယ်သူနဲ့မှ အဆက်အသွယ်မရတဲ့ ရွာတစ်ရွာ ဆိုပါတော့။ တနင်္သာရီရိုးမထဲမှာ တည်ရှိနေတဲ့ ရွာတစ်ရွာ ဆိုပါတော့။ မင်းသိသမျှ ပြင်ပကမ္ဘာက အကြောင်း အရာတွေက ဒီဒေသနဲ့ မသက်ဆိုင်သလို ဖြစ်နေမယ်။

ဒီရွာကလေးရဲ့ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲအနေနဲ့ ကျင်းပတဲ့ ရွာကွင်းပြင်အလယ်က ထိုးထားတဲ့စင်ရှေ့ မှာ မင်းက မြေကြီးပေါ်မှာ ထိုင်ချပြီး သူတို့ ဖျော်ဖြေ သမျှကို ထိုင်ကြည့်နေမယ်။ အချိန်က ည ၁၀ နာရီ လောက်။ တောင်တန်းတွေပေါ်က ဒီဇင်ဘာနှင်းငွေ့ တွေဟာ မင်းခေါင်းပေါ်မှာ စိုရွှဲလို့ပေါ့။

ဒီအချိန်မှာ ကရင်အဘိုးအိုတစ်ယောက်ရယ် ဂီတာသမားတစ်ယောက်ရယ်က စင်ပေါ်ကို တက်လာ တယ်။ အဘိုးအိုက A Hundred Miles ဆိုတဲ့ သီချင်းကို ဆိုမယ်ဆိုတဲ့အကြောင်း အရင်ပြောပြ တယ်။ ဒါပေမယ့် ဘယ်သူမှလည်း ဒီသီချင်းကို ကြားဖူးကြတဲ့ပုံ မပေါ်ကြဘူး။ ဒီနောက်မှာတော့ ဂီတာသမားက ဂီတာကြိုးတစ်ချောင်းချင်းစီကို လှုပ်ခတ်ပြီး စတီးတယ်။

If you miss the train I’m on
You will know that I am gone
You can hear the whistle blow
A hundred miles
A hundred miles
Lord I’m five hundred miles from my home
Not a shirt on my back
Not a penny to my name
Lord I can’t go home
This way
This way
Lord I can’t go home this way

ဒီသီချင်းက ၁၉၆၀ ခုနှစ်တွေလောက်က ဥရောပနဲ့ အမေရိကမှာ ခေတ်စားခဲ့တဲ့သီချင်း။ 500 miles away from homeလို့လည်း ခေါ်ကြတယ်။ အနောက်ကမ္ဘာရဲ့ Anthologized သီချင်းတစ်ပုဒ် လို့ ပြောကြတယ်။ ပိုက်ဆံကုန်သွားလို့ အိမ်ပြန် မရောက်နိုင်တဲ့ ခရီးသွားတစ်ယောက်အကြောင်း။ မရောက်ဖူးသေးတဲ့ နယ်မြေသစ်တွေ လိုက်ရှာတဲ့အခါ မြင်းပေါ်မှာ၊ လှည်းပေါ်မှာ၊ လှေတွေပေါ်မှာ ဒီ သီချင်းကို ခပ်တိုးတိုး ညည်းခဲ့ကြမှာပဲ။

အထူးသဖြင့် နယ်ပေါင်းစုံက အလုပ်လာလုပ်ကြတဲ့ အမေရိကန်မှာ ပထမဆုံး မီးရထားလမ်းဖောက်သမားတွေလည်း ညည်းကြတယ်ပြောတယ်။

ဒီသီချင်းကိုပဲ ၁၉၈၉ တရုတ် တီယန်နန်မန်ရင်ပြင်အရေးအခင်းအတွက် ရည်စူးပြီးတော့ အရေး အခင်းကြီးကြောင့် သူတို့နိုင်ငံကို မပြန်နိုင်တဲ့ ပြည်သူ တွေအတွက် အပိုစာသားတွေထည့်ပြီး ထပ်ဆိုထား တာလည်း ရှိသေးတယ်။

ပွဲကြည့်စင်ကနေ ဒီသီချင်းသံကို မင်းကြားရတဲ့ အခါ ပထမဆုံး မင်းအံ့ဩမိမှာပဲ။ ဒီလိုနားထောင် ရလိမ့်မယ်လို့လည်း တစ်ခါမှ မင်းစိတ်မှာ တွေးမိမှာ မဟုတ်ဘူး။ သီချင်းသံကို နားထောင်ရင်း မင်းအိမ်နဲ့ မင်းနဲ့ ဘယ်လောက်ဝေးနေသလဲ ဆိုတာကို ပြန်တွေးမိမယ်။ အခုသီချင်းဆိုနေတဲ့ ကရင်အဘိုးက တခြားနယ်ကနေ တနင်္သာရီရိုးမထဲက ဒီရွာတွေ ဘက်မှာ အခြေလာကျတယ်လို့ နောက်မှသိရတယ်။ မြန်မာစကားကို ရေလည်အောင် ပြောနိုင်တယ်။ သူလည်း သူ့အိမ်ကို လွမ်းနေမလားပဲ။

အရင်တုန်းက တနင်္သာရီရိုးမထဲက ဘော်လူးချောင်း ဆိုတာ ရွှေထွက်တဲ့နေရာမှာ နာမည်ကြီးပေါ့။ ဒီတနင်္သာရီမြစ်ဖျားပိုင်းမှာ နယ်ပေါင်းစုံကနေ ရွှေလာလုပ်ကြတဲ့သူတွေ ရှိကြတယ်။ ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး နယ်ပေါင်းစုံကပေါ့။

သူတို့ရဲ့ တစ်နေ့တာမှာ မိုးလင်း နေထွက်ချိန်က စလို့ နေဝင်ချိန်အထိက မြစ်ထဲကနေ သဲတွေကို စုပ်တင်တဲ့ ရွှေဖောင်တွေပေါ်မှာ။ မိုးရောက်လာတဲ့ အချိန်မှာ ကိုယ့်ဇာတိကိုယ် ပြန်သွားကြပြီး ပွင့်လင်း ရာသီ ရောက်လာတဲ့အခါ ကိုယ်စီကိုယ်စီ မြစ်ဖျား ပိုင်းကို ပြန်ရောက်လာကြတဲ့ ရွှေမုဆိုးတွေပေါ့။

အဝေးကြီးကနေ ရွှေလာတူးပြီး မျှော်လင့်ထား သလောက် ရွှေမရလာတဲ့အခါ အကြွေးတင်နေပြီး အိမ်မပြန်နိုင်ဘဲ ဒီမှာပဲ သောင်တင်နေတဲ့သူမျိုးတွေလည်း အများကြီး။ တချို့ကလည်း ဒီနေရာမှာပဲ အိမ်ထောင်ကျပြီး ဒီဒေသမှာပဲ အခြေကျသွားတဲ့ သူတွေလည်း အများကြီး။

သူတို့ အားလုံးလည်း ဒီရွာလေးရဲ့ ပွဲကြည့်စင် ရှေ့မှာ သူတို့နားမလည်တဲ့ ဘာသာစကားနဲ့ သီချင်း ဆိုနေတဲ့ ကရင်အဖိုးအိုကို ငေးလို့။ ဒီလောက် အေးစိမ့်နေတဲ့အချိန်မှာ ဘယ်သူမဆို ကိုယ့်အိမ် ကိုယ့်ယာက ကိုယ့်အိမ်ရာထဲမှာ ကိုယ့်မိသားစုနဲ့ပဲ အတူတူ နွေးနွေးထွေးထွေး နေချင်ကြမှာပေါ့။

Nostalgia ဆိုတာ အိမ်လွမ်းစိတ်ဆိုတာထက် ပိုတယ်တဲ့။ အိမ်ဆိုတဲ့နေရာတစ်ခု A Place ဆိုတာ ထက် အချိန်ကာလတစ်ခု A time of youth တစ်ခုကို ပြန်လိုချင်နေတာလည်း ဖြစ်နိုင်တယ်လို့ ဆရာအောင်ခင်မြင့်စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ အချိန်ဆိုတာကလည်း ဘယ်တော့မှ နောက်ပြန်သွား လို့မှ မရတာကိုး။ ကိုယ်ပျော်ရွှင်ခဲ့ရဖူးတဲ့ အချိန်တို့၊ ကိုယ့်မိသားစုနဲ့ အတူတူ ရှိနေခဲ့တဲ့ အချိန်တွေလိုမျိုးပေါ့။

မြစ်ထဲမှာ လှေက ရေဆန်ကို စက်ကုန်ခုတ်ပြီး ဆန်တက်နေတုန်း မျက်စိကို မှိတ်ထားရာကနေ ရုတ်တရက် ဖွင့်ကြည့်ကြည့်။ လှေဟာ ရှေ့ကို တစ်လက်မမှ ဆက်မတိုးတော့သလို ထင်ရမယ်။ ရေတွေက မင်းကို နောက်ပြန်ဆွဲထားသလိုမျိုး။ မြစ်ကမ်းစပ်သဲသောင်ပေါ်ကနေ ကမ်းအပေါ်ကို တက်တဲ့အခါ လေတိုက်တိုင်း လွင့်နေတဲ့ သဲကြေမွ တွေက မင်းခြေထောက်ကို စုပ်ယူထားမယ်။ မင်းက တော့ အားကုန်သုံးပြီး ကမ်းအပေါ်ကို တက်ဖို့ ကြိုးစားမှာပေါ့။ အပေါ်ကိုလည်း မင်းရောက်ချင် ရောက်သွားလိမ့်မယ်။ ဒါပေမယ့် ဒီရေ၊ ဒီသဲထဲမှာ မင်းရှိခဲ့ဖူးတယ်ဆိုတာကတော့ Nostalgia ပေါ့။

အိမ်လွမ်းဝေဒနာတွေ၊ မိုင်ပေါင်း ၅၀၀ တွေဆို တာထက်ကို လောလောဆယ် မင်းမျက်စိရှေ့မှာ မြင်နေရတာက နှင်းတွေ၊ ခရစ်စမတ်အတွက် ထွန်းထားတဲ့မီးတွေ၊ ကွင်းပြင်ထဲမှာ ထိုင်ကြည့်နေတဲ့ မြန်မာစကား မပြောတတ်တဲ့ တိုင်းရင်းသား ကလေးသူငယ်တွေ၊ အပျိုတွေ၊ လူပျိုတွေ၊ ရယ်သံတွေ။ သီချင်းသံပြီးသွားတာတောင် မင်းစိတ်ထဲမှာ ပြန်ကြားနေရတုန်း။

မင်းပြန်ချင်တဲ့အိမ်ဟာ နှင်းထဲမှာ ရှိချင်ရှိမှာ လို့ မင်းတွေးနေမလားပဲ။

မိုးရဲ