မူးယစ်ဆေးဝါးသွားဖမ်းသည့် ရဲတပ်ဖွဲ့ အပြန်တွင် သေနတ်ပစ်ခံရ

0
583

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တွင် မူးယစ်ဆေးဝါးသွားဖမ်းသည့် မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်မှ တပ်ဖွဲ့ များ အပြန်တွင် သေနတ်ဖြင့် ပစ်ခတ် ခံရပြီး ရဲတပ်ကြပ်ကြီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၅ ရက်က မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်မှ ဒုရဲမှူး စောမိုးအောင် ဦးဆောင်သည့် ၆ ဦးပါအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေ များနှင့်အတူ ကျိုက်မရောမြို့ မြောက်ဘက် ၃၅ မိုင်ခန့်အကွာ ကျိုက်မရောမြို့နယ် မုဆိုးကျွန်းကျေးရွာနေ နေအိမ်တစ်အိမ် အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

ထိုကဲ့သို့ ဝင်ရောက်ရှာဖွေရာ အမျိုးသမီးနှစ်ဦးထံမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၅၄၀ ပြား ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ပါရှိ သည်။

အဆိုပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးပြီး တရားခံ ၂ ဦးနှင့်အတူ ပြန်လာစဉ် မုဆိုးကျွှန်းကျေးရွာအထွက် လမ်း၏ ညာဘက်ဘေးတောစပ်မှ ပြောက်ကျားယူနီဖောင်းဝတ်ဖြင့် အမျိုးသားတစ်ဦး နောက်မှ လိုက်လာ ကာ သေနတ်ဖြင့် ပစ်ခတ်ပြီး တောထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းအရ မုဆိုးကျွန်းကျေးရွာကို သွားတော့ ဖမ်းဆီးရမိပါတယ်။ ဖမ်းဆီးရ မိပြီးတော့မှ ရွာက ပြန်ထွက်တဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်တယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြော သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်မှ ရဲတပ်ကြပ်ကြီးတစ်ဦး ယာဘက်နား နောက်ကျည်ဆံရှပ်ထိခဲ့ပြီး မော်လမြိုင် ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်။

“ပစ်ခတ်မှုမှာ လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုခုနဲ့ ပတ်သက်မယ်လို့ ယူဆရပါတယ်”ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားသူအား ကျိုက်မရော မြို့မရဲစခန်းမှ (ပ)၂၄၉၀/၂၀၁၉ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၀၇/၃၃၃ ဖြင့် အမှု ဖွင့်အရေးယူဆောင်ရွက် လျက်ရှိသည်။

ထိုအတူ မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိသူ ၂ ဦးကိုလည်း ကျိုက်မရော မြို့မရဲစခန်းမှ မယ(ပ)၂၈/၂၀၁၉၊ မူးယစ်^စိတ်ပြောင်းဥပဒေပုဒ်မ ၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့်ထားကြောင်း ကျိုက်မရောမြို့မရဲစခန်းထံမှ သိရသည်။

Dawei Watch