မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မြိတ်တရားရုံးနှစ်ခုတွင် စတင်မည်

0
543

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီ အစဉ်ကို မြိတ်ခရိုင်ရှိ တရားရုံးနှစ်ခုတွင် လာမည့်နှစ်အတွင်း စတင်အကောင် အထည်ဖော်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက်တွင် မြိတ်ခရိုင် တရားရုံး၌ စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ဇူလိုင်လ ၁ ရက်တွင် မြိတ် မြို့နယ်တရားရုံး၌ စတင်အကောင် အထည်ဖော်မည်ဖြစ်ကြောင်း အထက်ပါ ရုံးထံမှ သိရသည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည် မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေး နိုင်ရန် အမှုဖြစ်သည့် နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့်ရက်အား ကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန် ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက်အမိန့် ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရာလွှတ်တော်ရုံးထံမှ သိရသည်။

မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ် မြို့နယ်တရားရုံးတို့တွင် ၂၀၁၈ ခုနှစ် ဩဂုတ်လက စတင်ကျင့်သုံးခဲ့ပြီးနောက် လာမည့်နှစ်တွင် မြိတ်ခရိုင်နှင့် မြိတ်မြို့ နယ်တရားရုံးတို့တွင် တိုးချဲ့ အကောင် အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်။

မှုခင်းစီမံခန့်ခွဲမှုစနစ် အကောင် အထည်ဖော်ပါက အမှုအမျိုးအစားအပေါ် မူတည်ကာ ကြိုတင်ပြင်ဆင်ရန် အမှုသည်/ရှေ့နေများက အချိန်အလုံအလောက်ရခြင်း၊ ရုံးချိန်းကို ရွှေ့ဆိုင်းရခြင်းမရှိဘဲ စစ်ဆေးနိုင်ခြင်း အစရှိသည့် အကျိူးကျေးဇူးများရနိုင်ကြောင်း တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“အမှုသည်တွေက အမှုပြီးပြတ်မယ့် ရက်ကို ကြိုတင်သိရှိနိုင်မယ်”ဟု တိုင်း တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

အဆိုပါ အစီအစဉ် အကောင်အထည် ဖော်ပါက အလျင်အမြန်ဆောင်ရွက်ရမည့် ရာဇဝတ်အမှု များကို ရက်ပေါင်း ၉၀ နှင့် တရားမမှုများကို ၂၇၀ ရက်အတွင်း ပြီးပြတ်ရမည်ဖြစ်ကြောင်း တိုင်းတရား လွှတ်တော်ရုံးထံမှ သိရသည်။

သာမန်ရိုးရှင်းသည့် ရာဇဝတ်အမှု များကို ရက်ပေါင်း ၁၈၀ နှင့် တရားမမှုကို ၃၆၅ ရက်အတွင်း အမှုပြီးပြတ်ရမည်ဖြစ် သည်။

ရှုပ်ထွေးသည့်ရာဇဝတ်အမှုဆို ပါက ရက်ပေါင်း ၂၇၀ နှင့် တရားမမှုကို ၅၄၀ ရက် အတွင်း ပြီးပြတ်ရမည်ဖြစ် ကြောင်း အထက်ပါရုံးထံမှ သိရသည်။

လာမည့် ၂၀၂၁ ခုနှစ်တွင် ကော့သောင်း ခရိုင်နှင့် ကော့သောင်းမြို့နယ်တရားရုံး တို့တွင်လည်း အထက်ပါစနစ် အကောင် အထည်ဖော်ရန် လျာထားကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

မှုခင်းစီမံခန့်ခွဲစနစ် စတင်အကောင် အထည်ဖော်မည့် မြိတ်ခရိုင်တရားရုံးတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ စစ်ဆေးဆဲ ရာဇဝတ်ကြီးအမှု ၁၀၇ မှုနှင့် တရားမ ကြီးအမှု ၅၁ မှုရှိကြောင်း တိုင်းဒေသ ကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။

မြိတ်မြို့နယ် တရားရုံးတွင် အထက်ပါ ကာလအထိ စစ်ဆေးဆဲ ရာဇဝတ်ကြီးအမှု ၁၉၂ မှုနှင့် တရားမကြီးအမှု ၃၁ မှုရှိ ကြောင်း အထက်ပါရုံးထံမှ သိရသည်။

ကိုဇော်