ရှင်မုတ္ထီးမြို့ဟောင်းနေရာကို ရှေးဟောင်းမြို့တည်ရှိရာဇုန်အဖြစ် သတ်မှတ်ပေးရန်လိုအပ်နေဟုဆို

0
1118

ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေး ရွာရှိ ရှင်မုတ္ထီးမြို့ဟောင်း (မုတ္တသုခနာဂရ မြို့ဟောင်း) နေရာကို ရှေးဟောင်းမြို့တည်ရှိရာဇုန်အဖြစ် အစိုးရက သတ်မှတ် ရန် လိုအပ်နေကြောင်း ထားဝယ်ဒေသခံ ရှေးဟောင်းသုတေသီတစ်ဦးဖြစ်သည့် ဦးအောင်မျိုးက ပြောသည်။

ယင်းမြို့ဟောင်းနေရာကို ရှေး ဟောင်းမြို့တည်ရှိရာဇုန်သတ်မှတ်နိုင် ရေးအတွက် သာဂရမြို့ဟောင်း (မြို့ဟောင်း ကျေးရွာ)ကို တူးဖော်ခဲ့သည့် နိုင်ငံတော် အဆင့် ပညာရှင်များဖြင့် ကွင်းဆင်း လေ့လာကာ အစီရင်ခံစာကိုလည်း ၂၀၁၆ ခုနှစ်ကတည်းက တိုင်းအစိုးရထံတင်ပြ ထားပြီးဖြစ်ကြောင်း ဦးအောင်မျိုးက ပြောသည်။

ယင်းကွင်းဆင်းအစီရင်ခံစာတင် သွင်းခဲ့သော်လည်း ဇုန်သတ်မှတ်နိုင်ရေး အတွက် တိုင်းအစိုးရမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိဘဲ ယနေ့အချိန် အထိ ကွင်းဆက်ပြတ်နေခဲ့ကြောင်း ဦးအောင်မျိုးက ပြောသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက် တွင် ရှင်းမုတ္ထီးမြို့ဟောင်းနေရာကို ဆက်လက်ကွင်းဆင်း လေ့လာခဲ့ရာ မြေသားမြို့ရိုးအောက်တွင် အုတ်ရိုးတန်း တစ်ခုကိုသဲလွန်စ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းအုတ်ရိုးတန်းအား ဆက်လက် သုတေသနပြုလေ့လာနိုင်ရန်အတွက် အစိုးရမှ ရှေးဟောင်းမြို့တည်ရှိရာဇုန်အဖြစ် သတ်မှတ်ပေးရန်လိုအပ်နေ ကြောင်း ၎င်းက ပြောသည်။

“အစိုးရကနေပြီး (ရှေးဟောင်းမြို့ တည်ရှိရာ) ယာယီဇုန်ဆိုပြီး သတ်မှတ် ပေးလိုက်ရင် ပညာရှင်တွေအနေနဲ့ ရှေ့ဆက် လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်လို့ ရတာပေါ့”ဟု ဦးအောင်မျိုးက ဆိုသည်။

ရှေးဟောင်းမြို့တည်ရှိရာဇုန်အဖြစ် သတ်မှတ်ခြင်းသည် ယင်းဇုန်အတွင်း ရှေးဟောင်းမြို့ရိုး၊ ကျုံး၊ တာ စသည်တို့ ကို စမ်းသပ်တူးဖော်ရန်အတွက်သာ သတ်မှတ်ခြင်းဖြစ်ကြောင်းကို ဒေသခံများနားလည်အောင်ရှင်းပြရန်လည်း လိုအပ်သည်ဟု ၎င်းက ပြောသည်။

၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွင်း မြေအကွက်ရိုက်ခြင်း၊ ကျေးရွာဘောလုံးကွင်း ဆောက်လုပ်ခြင်း တို့ကြောင့် ရှင်မုတ္ထီးမြို့ ဟောင်း(မုတ္တသုခနာဂရမြို့ဟောင်း) မြို့ရိုးများဖြစ်သည့် လှည်းဂျောတော စေတီအဝင်လမ်းနှင့် ပသျှူးကြောက် ဘုရားအနီးရှိ မြို့ရိုးတို့ ဖြိုချဖျက်ဆီးခံခဲ့ရကြောင်း ဦးအောင်မျိုးက ပြောသည်။

ရှင်မုတ္ထီးမြို့ဟောင်းနေရာအား ရှေးဟောင်းမြို့တည်ရှိရာဇုန်အဖြစ် သတ်မှတ်မည့် အခြေအနေနှင့်ပတ်သက်ပြီး တိုင်း အစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီးနှင့် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ထားဝယ်ဌာနခွဲ) တို့ကို သွားရောက်မေးမြန်းခဲ့ သော်လည်း ခရီးလွန်နေကြသဖြင့် မေးမြန်း ခွင့်မရခဲ့ပေ။

လောင်းလုံးမြို့နယ် မြို့ဟောင်း ကျေးရွာရှိ သာဂရမြို့ဟောင်းကိုမူ ရှေးဟောင်းယဉ်ကျေးမှုဇုန် အဖြစ် သတ်မှတ် ထားပြီးဖြစ်သည်။

ကျော်သူစိုး