ရေးမြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ နေထိုင်သည့် နိုင်ငံခြားသားများကို စစ်ဆေးအရေးယူမည်ဟုဆို

0
743
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်တောင်ပိုင်း ရေးမြို့နယ် အတွင်း၌ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေ ကြသည့် နိုင်ငံခြားသားများကို စစ်ဆေး အရေးယူသွားမည်ဟု ရေးမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနတာဝန်ရှိသူက ပြောသည်။

ရေးမြို့နယ်အတွင်း နိုင်ငံခြားသားများ ဝင်ထွက်သွားလာနေမှုနှင့် ပတ်သက် ပြီး နိုင်ငံခြားသားများ ဝင်ထွက်သွား လာနေမှုဆိုင်ရာ စောင့်ကြည့်ရေးကော်မတီ၊ ရေးမြို့နယ်အတွင်းရှိ စက်ရုံ အလုပ်ရုံပိုင်ရှင်များ၊ စက်ရုံများ၌ ခေါ်ယူထားသည့် နိုင်ငံခြားသားများ၊ စကားပြန်များနှင့် ဒီဇင်ဘာ ၃ ရက်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံ ရှင်းလင်းပွဲ၌ ထိုကဲ့သို့ အသိပေးပြော ကြားခဲ့ခြင်း ဖြစ်သည်။

“ရေးမြို့ပေါ်မှအပ မြို့နယ်အတွင်း ရှိ နယ်မြေဒေသတွေမှာ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ နေထိုင်နေကြတဲ့ နိုင်ငံ ခြားသားတွေကို စစ်ဆေးအရေးယူသွားဖို့ ရှိပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးခိုင်က ပြောသည်။

ရေးမြို့နယ်အတွင်း မြို့ပေါ်တွင် သာ နိုင်ငံခြားသားများ သွားလာခွင့်ရှိပြီး မြို့ပြင်ထွက်ပါက ခွင့်ပြုချက်ရယူရမည် ဖြစ်သည့်အပြင် အစိုးရဌာနဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့်လည်း ကောင်း၊ NGO ၊ INGO များဖြစ်မည် ဆိုပါက အဖွဲ့အစည်းများကတစ်ဆင့် နိုင်ငံ တော်သမ္မတရုံးထံ ခွင့်ပြုချက်ယူရမည် ဖြစ်ပြီး ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလာရောက် ဆောင်ရွက်မည်ဆိုပါက မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား မှတ်ချက် ရယူရမည်ဟု ၎င်းက ပြောသည်။

မြို့နယ်ပြင်ပသို့ နိုင်ငံခြားသားများ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားသော်လည်း နိုင်ငံခြားသားများ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံအလုပ်ရုံ များသည် ရေးမြို့ပြင်ပတွင် တည်ရှိနေ ကြပြီး နိုင်ငံခြားသားများသည်လည်း စက်ရုံတည်ရှိရာ ရေးမြို့ပြင်ပနေရာများ တွင်သာ နေထိုင်နေကြသည်ဟု ရေးမြို့ နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

ရေးမြို့နယ်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံကြသည့် စက်ရုံများမှ နိုင်ငံ ခြားသားများအနေဖြင့် တရားဝင်စီးပွားရေးဗီဇာ (Business Visa) ဖြင့် လာရောက်ကြသည်ဟု မြို့နယ် လ၀က ထံမှ သိရသည်။

ရေးမြို့နယ်အတွင်းရှိ စက်ရုံများ၌ Business Visa ဖြင့် လာရောက်နေထိုင် လုပ်ကိုင်နေ ကြသည့် နိုင်ငံခြားသား အရေအတွက် ၄၂ ဦးရှိပြီး တရုတ်နိုင်ငံသား ၂၇ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၄ ဦး၊ ဂျပန်နိုင်ငံသား ၁ ဦးတို့ ပါဝင်သည်။

၎င်းတို့သည် ၀ဥစက်ရုံ၊ အအေးခန်းစက်ရုံနှင့် ရော်ဘာသစ်ပါးလွှာစက်ရုံများ ၌ လာရောက်လုပ်ကိုင်နေကြကြောင်း သိရသည်။