တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု လိုပြသက်သေနှစ်ဦးသာ စစ်ဆေးရန် ကျန်

0
1023

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်းအမှုတွင် တရားလိုပြသက်သေနှစ်ဦးသာ စစ်ဆေးရန်ကျန်တော့ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန် ရှိသူများ ပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅^၆၃ ဖြင့် တရားစွဲဆိုထားသည်။

ကျပ်သိန်းလေးထောင် အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်း ခဲ့သည်ဆိုသည့် ၂/၂၀၁၉ အမှုအတွက် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည့် ဦးကောင်းစံဦးနှင့် ထားဝယ်လေဆိပ်တာဝန်ခံဖြစ်သူ ဦးမြင့်လှိုင်ဦးတို့ကို စစ်ဆေးရန် ကျန်ရှိ နေခြင်းဖြစ်သည်။

ကျန်သည့်အမှုသုံးခုတွင် တရားလိုပြ သက်သေအားလုံးကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“အမှုလေးခုစလုံးက တရားလိုပြ သက်သေတွေကို စစ်ပြီးရင်တော့ စွဲချက် တင်သင့် မတင်သင့် လျှောက်လဲချက် ကြားနာမှာ ဖြစ်ပါတယ်”ဟု ဒေါ်အေးအေးသန်းက ပြောသည်။

နှစ်ဘက်အပြန်အလှန် လျှောက်လဲ ချက်ကြားနာပြီးပါက စွဲချက်တင်/မတင် အမိန့်ချတော့မည်ဖြစ်သည်။

၄၀ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ဒီဇင်ဘာလ ၂ ရက်တွင် အမှုလေးခု အတွက် တရားလိုပြသက်သေ အမှုစစ် ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို စစ်ဆေးခဲ့သည်။

၄၁ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ဒီဇင်ဘာလ ၁၆ ရက်တွင် နောက်ဆုံး ကျန်ရှိနေသည့် တရားလိုပြသက်သေနှစ်ဦးဖြစ်သည့် ဦးကောင်းစံဦးနှင့် ဦးမြင့်လှိုင်ဦးကို စစ်ဆေးမည်ဖြစ် ကြောင်း အထက်ပါတရားလွှတ်တော် ထံမှ သိရသည်။

လက်ရှိအချိန်ထိ တရားလိုပြသက် သေအဖြစ် ၁/၂၀၁၉ အမှုတွင် ၂၀ ဦး၊ ၂/၂၀၁၉ အမှုတွင် ၂၂ ဦး၊ ၃/၂၀၁၉ အမှု တွင် ၂၀ ဦးနှင့် ၄/၂၀၁၉ အမှုတွင် ၂၁ ဦး ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ယင်းတရား လွှတ်တော်ရုံးထံမှ သိရသည်။

အထက်ပါအမှုလေးခုစလုံးအတွက် နှစ်ဖက်တင်သွင်းထားသည့် သက်သေခံ စာရွက်စာတမ်း အရေအတွက်မှာ ၄၃၃ စောင်ရှိကြောင်း တိုင်းတရားလွှတ်တော် ထံမှ သိရသည်။

တိုင်းတရားလွှတ်တော်၏ ၁/၂၀၁၉ အမှုမှာ တိုင်းလမ်းဦးစီးဌာနသို့ တစ်လုံး တစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးခဲ့ပြီး အထက်ပါ ဌာန ညွှန်ကြားရေးမှူးအား ဒေါက်တာ လဲ့လဲ့မော်၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင် လမ်းထောင့်ရှိ မြေကွက်ကို အုတ်ခြံစည်း ရိုးကာရံပေးရန် စေခိုင်းခဲ့သည်ဆိုသည့် အမှုဖြစ်သည်။

၂/၂၀၁၉ မှာ ကျပ်သိန်းလေးထောင် အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်းချုံ နွယ်ရှင်းလင်းခဲ့သည့် အမှုဖြစ်သည်။

၃/၂၀၁၉ မှာ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ပေးသွင်းရမည့် ဂက်စ်ဖိုးငွေ အကြွေးကျန်ကိစ္စဖြစ်သည်။

၄/၂၀၁၉ အမှုမှာ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် သရက်ချောင်းမြို့ရှိ အိမ်နှင့် မြေကို ကာလတန်ဖိုး ကျပ် ၃၂၀ သိန်း ကျော်ခန့်သာ တန်ဖိုးရှိသော်လည်း ကျပ် သိန်း ၂၀၀၀ ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ပြီးနောက် GGS ကုမ္ပဏီ အား သရက်ချောင်း ငါးလေလံဈေးတည် ဆောက်ခြင်း၊ ခြင်းလုံးရုံ တည်ဆောက် ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ နေပြည်တော်ရှိ တိုင်း အစိုးရဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင် ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်ဆိုသည့် အမှုဖြစ်သည်။

Dawei Watch