မိခင်မှကလေးထံ HIV ပိုးကူးစက်မှု ၂၀၂၅ တွင် ကင်းစင်ရန် မျှော်မှန်း

0
623

လာမည့် ၂၀၂၅ ခုနှစ်တွင် မိခင်မှ ကလေးထံ HIV ပိုး ကူးစက်မှုကင်းစင်ရေး မျှော်မှန်းလုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခုခံကျ/ကာလသားတိုက်ဖျက်ရေးစီမံချက်မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ပြောသည်။

ယင်းသို့ကူးစက်မှု ကင်းစင်စေရေးအတွက် အဓိက အညွှန်းကိန်းသုံးခုဖြင့် တိုင်းတာကြောင်း ၎င်းက ဆိုသည်။

ကိုယ်ဝန်သည်စောင့်ရှောက်မှုလွှမ်း ခြုံနိုင်မှု ၉၅ ရာခိုင်နှုန်း၊ ကိုယ်ဝန်သည် သွေးဖောက်စစ်ဆေးမှု ၉၅ ရာခိုင်နှုန်းနှင့် HIV ပိုးတွေ့ကိုယ်ဝန်ဆောင်များကို ART ဆေးပေးနိုင်မှု ၉၀ ရာခိုင်နှုန်း ရှိရမည့် အညွှန်းကိန်းများရှိကြောင်း ဒေါက်တာကျော်တင့်ထွန်းက ရှင်းပြသည်။

“အဓိကဦးတည်ချက်ထားတာက ကိုယ်ဝန်အပ်တာကို လွှမ်းခြုံမှု အများကြီး ဖြစ်ရမယ်။ လူတိုင်းနီးပါးကို သွေးစစ်နိုင် ရမယ်။ သွေးစစ်ပြီး Positive ထွက်လာရင် ဆေးတိုက်နိုင်ရမယ်”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ နယ်ဒေသများတွင် သားဖွားဆရာမများကို သင်တန်း များပေးထားပြီး ကိုယ်ဝန်ဆောင်များကို သွေးဖောက်ကာ ချက်ချင်းစစ်ဆေးနိုင်သည့် ကိရိယာများပံ့ပိုးပေးထားပြီး HIV ပိုးတွေ့ပါက ART ဆေးပေးနိုင်ရန် စီစဉ်ထားကြောင်း ဒေါက်တာကျော်တင့်ထွန်းက ဆိုသည်။

မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု ကင်းစင်ကြောင်း ကြေညာမည်ဆိုပါက နိုင်ငံခြားမှ အဖွဲ့များလည်း လာကြည့် မည်ဖြစ်ပြီး အမှန်တကယ်ကင်းစင်မှသာ ကြေညာရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတနင်္သာရီတိုင်းတွင် တစ်နှစ် လျှင် ကိုယ်ဝန်ဆောင်ဦးရေ ၃၈၀၀၀ ခန့် သွေးဖောက်စစ်ဆေးရာမှ HIV ပိုးတွေ့ ရှိသူ ၅၀ ဦး ခန့်ရှိပြီး မိခင်မှ ကလေးသို့ ကူးစက်မှုမှာ ၀ ဒသမ၂ ရာခိုင်နှုန်းမှ ၀ ဒသမ ၄ ရာခိုင်နှုန်းအထိသာရှိကြောင်း ဒေါက်တာကျော်တင့်ထွန်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် ART ဆေးသောက် နေရသူခြောက်ထောင်နီးပါးရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

ကိုဇော်