ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အမှု ရုံးချိန်းထူးခြားချက်များ

0
2793

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့၏အမှု အကြိမ် ၄၀ မြောက် ရုံးချိန်းကို ဒီဇင်ဘာလ ၂ ရက် တွင် စစ်ဆေးခဲ့သည်။

ယင်းရုံးချိန်းတွင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို အမှုလေးခု စလုံးအတွက် တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။
၎င်းသည် ဒေါက်တာလဲ့လဲ့မော် အပေါ် တိုင်ကြားချက်များနှင့် ပတ်သက် ၍ အဂတိကော်မရှင်၏ စုံစမ်းစစ်ဆေး ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး လက်ရှိတရားစွဲဆိုရာတွင်လည်း တရားလို အနေဖြင့်လည်းကောင်း၊ အမှုစစ်အရာရှိ အနေဖြင့် လည်းကောင်း တာဝန်ယူနေသူ ဖြစ်သည်။
ယင်းရုံချိန်းအတွင်း ထူးခြားချက် များကို ကောက်နုတ်ဖော်ပြလိုက်သည်။

တိုင်းတရားလွှတ်တော်၏ ရာဇဝတ် ကြီးမှု ၁/၂၀၁၉ အတွက် စစ်ဆေး

၁/၂၀၁၉ အမှုမှာ တိုင်းလမ်းဦးစီး ဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့် အရေးပေးခဲ့ပြီး အထက်ပါဌာန ညွှန်ကြား ရေးမှူးအား ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည် ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံ လမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ မြေ ကွက်ကို အုတ်ခြံစည်းရိုးကာရံပေးရန် စေခိုင်းခဲ့သည်ဆိုသည့် အမှုဖြစ်သည်။

အမှုနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှ မတ်လ ၆ ရက် အထိ ထားဝယ်၊ ရန်ကုန်နှင့် နေပြည်တော် တို့တွင် အခြေပြု၍ စစ်ဆေးခဲ့ကြောင်း ဦးသန်းဇော်ဝင်းက ထွက်ဆိုသည်။

ထိုသို့စစ်ဆေးရာတွင် သက်သေ များအား ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊ အမှုနှင့် သက်ဆိုင်သည့် စာရွက် စာတမ်း အထောက်အထားများ တောင်းယူ ကြည့်ရှုစစ်ဆေးခြင်း၊ တိုင်ကြားခံရသူ အား ဥပဒေနှင့်အညီ ဆင့်ဆိုမေးမြန်း ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက တရားခွင်အတွင်း ထွက်ဆိုသည်။

စစ်ဆေးခဲ့သည့် သက်သေများအနက် အမှုနှင့်သက်ဆိုင်သည့် သက်သေ ၂၅ ဦးတွင် လူပုဂ္ဂိုလ်၂၀ ဦးကို သက်သေများ အဖြစ် တင်ပြစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ဦးသန်းဇော်ဝင်းက တရားခွင်အတွင်း ပြောသည်။

သက်သေထွက်ဆိုချက်များနှင့် စာရွက်စာတမ်းအထောက်အထားများအရ ဒေါက်တာလဲ့လဲ့မော်သည် ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု ဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများ၊ ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် လုပ်ငန်း ၁၁ ခုအတွက် လမ်းဦးစီးဌာနသို့ ငွေကျပ် ၁.၉ ဘီလီယံကို ထုတ်ယူခွင့် အခွင့်အရေး ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ အခွင့်အရေးပေးပြီး ထားဝယ် မြို့ ဆေးရုံလမ်းရှိ ဒေါက်တာလဲ့လဲ့မော် ပိုင်ဆိုင်သည့် မြေကွက်ကို အုတ်ခြံစည်း ရိုးနှင့် ရေမြောင်းလုပ်ခြင်းအတွက် ထိုက် သင့်သည့် ငွေကျပ်သိန်း ၁၄၀ ကျော်ကို ပေးချေခြင်းမရှိဘဲ ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် သည်ဟု ဦးသန်းဇော်ဝင်းက တရားခွင် အတွင်း ထွက်ဆိုသည်။

ယင်းသို့ စစ်ဆေးပေါ်ပေါက်ချက် များအရ ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက် တွင် ဒေါက်တာလဲ့လဲ့မော်အား ထားဝယ် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ၎င်းက တရားခွင်အတွင်း ပြော သည်။

တိုင်းတရားလွှတ်တော်၏ ရာဇဝတ် ကြီးမှုအမှတ် ၂/၂၀၁၉ အတွက် စစ်ဆေး

၂/၂၀၁၉ မှာ ကျပ်သိန်းလေးထောင် အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်းချုံ နွယ်ရှင်းလင်းခဲ့သည်ဆိုသည့် အမှုဖြစ်သည်။

အဆိုပါအမှုအတွက် တရားလိုပြ သက်သေ ၂၅ ဦးအား စစ်ဆေးတင်ပြ နိုင်ခဲ့ကြောင်း ဦးသန်းဇော်ဝင်းက တရားခွင် အတွင်း ပြောသည်။

အထက်ပါ အမှုနှင့် ပတ်သက်၍ သက်သေထွက်ဆိုချက်များနှင့် စာရွက် စာတမ်း အထောက်အထားများအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေမှ ထားဝယ် လေဆိပ်ပြုပြင်ခြင်း၊ ချုံနွယ်ရှင်းလင်းခြင်း၊ အုတ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းသုံးခု အတွက် တင်ဒါခေါ်ယူခြင်း၊ တိုင်းအစိုးရ အဖွဲ့အစည်းအဝေးတွင် အတည်ပြုဆုံး ဖြတ်ခြင်းစသည်တို့ကို မလုပ်ဆောင်ခဲ့ဘဲ ဒေါက်တာလဲ့လဲ့မော်၏ ညွှန်ကြားချက် အရ ချုံနွယ်ရှင်းသည့် လုပ်ငန်းတစ်ခု တည်းအတွက် ငွေကျပ်သိန်းလေးထောင် ဖြင့် F22 ကုမ္ပဏီကို လုပ်ကိုင်ခွင့်ချပေးခဲ့ကြောင်း ၎င်းက ထွက်ဆိုသည်။

F 22 ကုမ္ပဏီအား လုပ်ကိုင်ခွင့် မချပေးမီ ၂၀၁၆ ခုနှစ် သင်္ကြန်ပွဲတော် မဏ္ဏာပ်ဆောက်ရာတွင် ကျပ်သိန်း ၂၃၀ ခန့်တန်ဖိုးရှိ တည်ဆောက်ရေးပစ္စည်းများ ဖြင့် လည်းကောင်း၊ ၂၀၁၆ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ၏ ညွှန်ကြားချက်ဖြင့် ထားဝယ်တက္ကသိုလ် ချုံရှင်းရာတွင် ကျပ်သိန်း ၃၀ ခန့် တန်ဖိုး ရှိ စက်ယန္တရားအသုံးပြုမှုကိုလည်းကောင်း၊ ထားဝယ် လေယာဉ်ကွင်းအပြင်ဘက် ချုံနွယ်ရှင်းလုပ်ငန်းတွင်လည်း ကောင်း ကုမ္ပဏီကို ထိုက်သင့်သည့် တန်ဖိုးပေး ချေခြင်းမရှိဘဲ ဆောင်ရွက်စေခဲ့ကြောင်း ဦးသန်းဇော်ဝင်းက တရားခွင်အတွင်း ပြောသည်။

ထားဝယ်လေဆိပ်တွင် လုပ်မည့် လုပ်ငန်းခွဲသုံးခုအနက် တစ်ခုတည်းကို သာ ကျပ်သိန်းလေးထောင်အသုံးပြုကာ ဝန်ကြီးချုပ် (ဟောင်း)၏ ညွှန်ကြားချက် ဖြင့် တိုက်ရိုက်ဆောင်ရွက်ခွင့်ချထားခြင်းမှာ လုပ်ပိုင်ခွင့်အာဏာရှိသူက တံစိုး လက်ဆောင်ကို အဖွဲ့အစည်းအတွက် လက်ခံရယူပြီး ဥပဒေနှင့်အညီ ရထိုက်ခွင့် မရှိသည့် အခွင့်အရေးပေးကာ အဂတိ လိုက်စားကြောင်း စစ်ဆေးပေါ်ပေါက် သည်ဟု ၎င်းက ထွက်ဆိုသည်။

ဝန်ကြီးချုပ်ဟောင်းဒေါက်တာ လဲ့လဲ့မော်ကို ၂၀၁၉ ခုနှစ် မတ်လတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ဦးသန်းဇော်ဝင်းက ဆိုသည်။

တိုင်းတရားလွှတ်တော်၏ ရာဇဝတ် ကြီးမှုအမှတ် ၃/၂၀၁၉ အတွက် စစ်ဆေး

၃/၂၀၁၉ မှာ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ပေးသွင်းရမည့် ဂက်စ်ဖိုးငွေ အကြွေးကျန်ကိစ္စဖြစ်သည်။

အဆိုပါအမှုတွင် တရားလိုပြသက်သေ၂၆ ဦးကို စစ်ဆေးတင်ပြခဲ့ကြောင်း ဦးသန်းဇော်ဝင်းက တရားခွင်အတွင်း ထွက်ဆိုသည်။

သက်သေထွက်ဆိုချက်များနှင့် စာရွက်စာတမ်းအထောက်အထားများ အရ တိုင်းအစိုးရအဖွဲ့နှင့် GGS ကုမ္ပဏီ တို့က ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ သဘာ၀ဓာတ်ငွေ့ဖိုး ငွေကျပ် ၉ ဘီလီယံနီးပါးကို ပေးသွင်းရန် ပျက်ကွက်နေပြီး နှစ်ဖက်သဘောတူ စာချုပ်ကိုလည်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာချက် ၄၁/၂၀၁၈ နှင့်ကိုက် ညီအောင် ပြင်ဆင်ခြင်းမရှိသည့်အပြင် စာချုပ်ပါ အချက်များအတိုင်း အကောင် အထည်ဖော်ရန် ကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ကြောင်း ဦးသန်းဇော်ဝင်းက ဆိုသည်။

သဘာ၀ဓာတ်ငွေ့ဖိုးငွေ ပေးသွင်း ခြင်းမရှိသည့်အတွက် ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက စိုက်ထုတ်ပေးချေထားရသဖြင့် ဘဏ္ဍာငွေ များ နစ်နာဆုံးရှုံးသည်ကို စစ်ဆေးပေါ် ပေါက်ခဲ့သည်ဟု ၎င်းက တရားခွင်အတွင်း ထွက်ဆိုသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်၊ GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့ကို သက်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများ ဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြား ခဲ့ကြောင်း ဦးသန်းဇော်ဝင်းက ပြောသည်။

တိုင်းတရားလွှတ်တော်၏ ရာဇဝတ် ကြီးမှုအမှတ် ၄ /၂၀၁၉ အတွက် စစ်ဆေး

၄/၂၀၁၉ အမှုမှာ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် သရက်ချောင်းမြို့ရှိ အိမ်နှင့် မြေကို ကာလတန်ဖိုး ကျပ် ၃၂၀ သိန်း ကျော်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း ၂၀၀၀ ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချ ခဲ့ပြီးနောက် GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည် ဆောက်ခြင်း၊ ခြင်းလုံးရုံ တည်ဆောက် ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည် ဆောက်ခြင်း၊ နေပြည်တော်ရှိ တိုင်းအစိုးရ ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာဆောက် လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့် ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည် ဆိုသည့် အမှုဖြစ်သည်။

အဆိုပါအမှုတွင် တရားလိုပြသက် သေ ၂၃ ဦးကို စစ်ဆေးတင်ပြခဲ့ကြောင်း ဦးသန်းဇော်ဝင်းက ပြောသည်။

သက်သေထွက်ဆိုချက်များနှင့် စာရွက်စာတမ်း အထောက်အထားများအရ ဒေါက်တာလဲ့လဲ့မော်က သရက်ချောင်း မြို့ မြို့မရပ်ကွက်ရှိ အိမ်အမှတ် ၆၂ ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက GGS ကုမ္ပဏီမှ ဦးသိန်းထွေးထံ ငွေကျပ်သိန်းနှစ်ထောင်ဖြင့် အရပ် ကတိ စာချုပ်ချုပ်ဆိုကာ ရောင်းချခဲ့ကြောင်း ၎င်းက တရားခွင်အတွင်း ထွက်ဆိုသည်။
ထိုသို့ရောင်းချပြီးနောက် နေပြည်တော်ရှိ တိုင်းအစိုးရဧည့်ရိပ်သာ၊ ပုလော မြို့နယ်ခန်းမနှင့် သရက်ချောင်းငါးလေလံ ဈေးစီမံကိန်း နှင့် လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေးလုပ်ငန်းတို့ကို သိမ်းကမ္ဘာကုမ္ပဏီ နှင့် GGS ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေး ခဲ့ကြောင်း ဦးသန်းဇော်ဝင်းက ဆိုသည်။

ဒေါက်တာလဲ့လဲ့မော်က ကာလတန် ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့၏ ခန့်မှန်း တွက်ချက်မှုများအရ ကျပ် ၃၂၁ သိန်းကျော် သာ တန်ဖိုးရှိသည့် နေအိမ်နှင့် မြေကို ကျပ်သိန်းနှစ်ထောင်ဖြင့် ရောင်းချခဲ့ပြီး အထက်ပါလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုခြင်းမှာ လုပ်ကိုင်ခွင့်အာဏာရှိသူက လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်ဟု ၎င်းက တရားခွင်အတွင်း ပြောသည်။

ယင်းကြောင်း ဒေါက်တာလဲ့လဲ့မော် ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၅ ဖြင့်လည်းကောင်း၊ ကျပ်သိန်း နှစ်ထောင်ဖြင့် ဈေးပေးဝယ်ယူခဲ့ သည့် GGS ကုမ္ပဏီမှ ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအုံတို့က ပူးပေါင်း ကြံစည်ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် အဂတိဥပဒေပုဒ်မ- ၅၅/ ၆၃ ဖြင့်လည်းကောင်း ထားဝယ်မြို့မရဲ စခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ဦးသန်းဇော်ဝင်းက ဆိုသည်။

Dawei Watch