ညသမီးပျိုတို့၏ ချိုရည်လမ်း

0
1848

မြိတ်မြို့၏ လမ်းကျဉ်းလေးတစ်ခု။ ညနေ ၄ နာရီအထိတော့ လမ်းကလေးက နယ်မြို့တစ်မြို့၏ သာမန်လမ်းကျဉ်းလေး မျှသာ။ ၄ နာရီကျော်လျှင်တော့ ထိုလမ်း ကလေးက စတင် အသက်ဝင်လာပြီ။

လမ်းကလေးကို စတင် အသက်သွင်း လိုက်သူတွေက လှလှပပ ဝတ်စားဆင်ယင် ထားသည့် အမျိုးသမီးငယ်လေးများ။

အမျိုးသမီးငယ်တို့က ဒယ်အိုးကြီး ငယ်၊ ပုံးကြီးပုံးငယ် စသည်တို့ကို ခြင်း တောင်းများဖြင့် ထည့်ကာ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာကြမည်။

တစ်နေ့ပတ်လုံး သိမ်းဆည်းထား သည့် သစ်သားစားပွဲများကို သူတို့ခင်း ကြမည်။

လမ်းအတွင်းနေအိမ်များတွင် အပ်ထားသည့် ပလပ်စတစ်ခုံနှင့် အခြား ပစ္စည်းတချို့ကိုလည်း ယူထုတ်လာကြ မည်။

သူတို့ယူဆောင်လာကြသည့် ပုံး အတွင်းမှာ အဝါရောင်ဖျော့ဖျော့ အရည် တချို့ကို ဒယ်အိုးများနှင့် ရေသန့်ဘူးခွံ များအတွင်း လောင်းထည့်ကြမည်။ ဘူး များကိုရေခဲထည့်ထားသည့် ပုံးအတွင်း ထည့်ပြီးစိမ်ကြမည်။

ဒေသခံမဟုတ်လျှင် ထို အဝါရောင် အရည်များက မည်သည့်အရည်ဆိုသည် ကို မသိနိုင်။ မြိတ်ဒေသခံများကမူ မြင်လိုက်လျှင် တန်းသိသည်။

“ဓနိရည်ချို”

မြိတ်မြို့ မြစ်ကမ်းစပ်တွင် ပေါက် ရောက်သည့် ဓနိပင်များမှ ရရှိသည့် ဓနိရည်ချိုများ ဖြစ်ပါသည်။

ဓနိရည်ချိုများကို မြိတ်မြို့ခံ အမျိုး သမီးငယ်တို့က ဤလမ်းလေးထဲ စုဝေး ရောင်းချကြပါသည်။

ယင်းသို့ ဓနိရည်ချို စုဝေးရောင်းချ သည်ကို အကြောင်းပြုကာ ဤလမ်း ကလေးကို တရားဝင် အမည်တစ်ခု ပေးထား လိုက်ကြသည်။

“ဓနိရည်ချိုလမ်း”

မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်ရှိ ဓနိရည်ချိုလမ်း။

ည ၆ နာရီ မတိုင်မီ ဤလမ်းလေး၏ ဂုဏ်ပုဒ်ကို ဖော်ဆောင်ရန် မြိတ်သမီးပျို တို့ အသင့် ပြင်ဆင်ကြသည်။

ဓနိရည်ချို တစ်ခုတည်း ရောင်းချ သည်မဟုတ်ပါ။ ဓနိရည်ချိုနှင့် အလိုက် ဖက်ဆုံးဖြစ်သည့် ကောက်ညှင်းပေါင်း ပူပူနွေးနွေးဖြင့် တွဲဖက် ရောင်းချကြခြင်း ဖြစ်ပါသည်။

အမျိုးသမီး အမျိုးသား လူကြီးလူငယ် လူလတ်လူမျိုးဘာသာမရွေး မြိတ်သား အများစု နှစ်ချိုက်ကြပြီး သည်အရည်ကို မြိတ်ဒေသခံများက နံနက်အချိန် သရေစာ အဖြစ် ကောက်ညှင်းပေါင်းဖြင့် တွဲသောက် တတ်သလို ထမင်းစားပြီးညချမ်းအချိန် တွင်လည်း စားတတ်ကြသည်။

ကောက်ညှင်းပေါင်းပူပူလေးဝါး ရင်း ရေခဲစိမ်ထားသည့် ဓနိရည်ချိုအေး အေးလေးတစ်ခွက် လျှာဖျားမှတစ်ဆင့် ချိုရှရှဖြင့် လည်ချောင်းအတွင်း စီးဆင်းသွားသည့် သဘာ၀အရသာကို မြိတ်သား များက စွဲမက်ကြသည်။

ညနေ ၆ နာရီခန့်မှ စတင်ရောင်းချ ကြပြီး ည ၈ နာရီနှင့် ၉ နာရီခွဲအချိန်က လူကျအများဆုံးအချိန်။ မိသားစုအလိုက် ကားဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့် လည်းကောင်း လာသောက်သူများရှိနေ ကြသလိုလူငယ်အမျိုးသားအမျိုးသမီး ငယ်များကလည်း သူ့အုပ်စုနှင့်သူ ဓနိရည် ချိုသောက်သုံးရင်း ဝိုင်းဖွဲ့လျှက်။

“နိုင်ငံခြားသားတွေလာကြသလို ရုပ်ရှင်မင်းသား မင်းသမီးတွေလည်း မြိတ်ရောက်ရင် ဒီမှာလာသောက်ကြတာ တွေရှိတယ်”ဟု အသက် ၂၅ နှစ်အရွယ် ဓနိရည်ချိုဆိုင်လေး ဖွင့်လှစ်ရောင်းချ သည့် မစုလှိုင်စိုးက ပြောသည်။

ကာလသားတို့ကလည်း ညသမီး ပျိုတို့ ရောင်းချသည့် ချိုရည်တန်းသို့ လူးလားခေါက်တုံ့။
ဆိုင်ကိုယခင်က မနက် ၃ နာရီ အချိန်အထိရောင်းချခဲ့ကြသော်လည်း ယခုအချိန်မှာတော့ ည ၁၁ နာရီနောက် ပိုင်း မရောင်းချရန် တာဝန်ရှိသူများက တားမြစ်ထားကြောင်း မစုလှိုင်နှင်းက ပြောပြသည်။

“ညနက်လာရင် မူးယစ်ရမ်းကား တဲ့လူငယ်တွေက လာကြတယ်။ ပြီးတော့ အုပ်စုအချင်းချင်း မကြာခဏရန်ဖြစ် ကြတယ်။ ဒါကြောင့် အချိန်ကို ကန့် သတ်လိုက်တယ်”ဟု မစုလှိုင်စိုးက ပြော သည်။

မြိတ် ညချိုရည်တန်းက စတင်ခဲ့ သည်မှာ ဆယ်စုနှစ်ချီနေပြီဖြစ်ပါသည်။

လက်ရှိရောင်းချနေသည့် ဓနိရည် ချိုဆိုင်တန်းသည် ယင်းနေရာတွင် နှစ် ပေါင်း ၂၀ နီးပါးရှိနေပြီဖြစ်ပြီး ယခင်က ရှမ်းချောင်းမိန်းလမ်းမကြီးတွင် ရောင်းချခဲ့ပြီးပြောင်းရွှေ့လာ ခဲ့ကြောင်း ရှမ်း ချောင်းငွေပုလဲရပ်ကွက်နေ ဓနိရည်ချို လုပ်ခဲ့ဖူးသူ အသက် ၄၆ နှစ်ရှိ ဦးအောင်ငယ်က ပြောသည်။

“ကျွန်တော်တို့ ငယ်ငယ်ကဆို စနေ တနင်္ဂနွေပဲ နံနက်ပိုင်းရောင်းတာ ကြိတ် ကြိတ်တိုးပြီး အရမ်းစည်တယ်”ဟု ၎င်းက ပြောသည်။

ယခင်က ရေနံဆီမီးခွက်ထည့်ထား သည့် သစ်သားမီးပုံးများဖြင့်ရောင်းချကြ ပြီး ဓနိရည်ချိုအား ဓနိတောထဲမှ ဆိုင်းထမ်းပိုးဖြင့် ထမ်းကာ ချက်ချင်း ရောင်းချကြောင်းဦးအောင်ငယ်ကပြောပြ သည်။

“အရင်ကတော့ အမှန်အကန်ပဲ။ စိမ်စရာရေခဲတောင်မရှိဘူး”ဟု ၎င်းက ပြောသည်။

ယင်းရပ်ကွက်နေ အသက် ၈၇ နှစ် ရှိ အဖွားဒေါ်ငွေကြင်ကလည်း ရှမ်းချောင်း လမ်းမကြီး၌ ဓနိရည်ချိုဆိုင်များ ပေါ်လာ သည်မှာ နှစ်ပေါင်း ၆၀ ဝန်းကျင်ခန့်ရှိ နေပြီဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“အရင်ကတော့ ဓနိတောထဲက တဲတွေမှာ လာဝယ်ကြတယ်။ နောက်မှ လမ်းပေါ်တက်ရောင်းကြတာ”ဟု ၎င်းက ပြောသည်။

ဓနိရည်ချိုရောင်းချခြင်း အလုပ်ကို သီတင်းမကျွတ်မီ တစ်ပတ်ခန့် အလို အောက်တိုဘာ လလယ်ခန့်မှစတင်ရောင်း ချကြပြီး ဖေဖော်ဝါရီ လလယ်ရောက်လျှင် ရာသီကုန်သွားကြောင်း ဓနိရည်ချို ရောင်း သူများက ပြောသည်။

ယင်းသို့ရောင်းချရာတွင် ချမ်းအေး သည့် ဒီဇင်ဘာလအတွင်းရောင်းရအ ကောင်းဆုံးဖြစ်ပြီး ကျန်လများတွင်ပုံမှန် သာ ရောင်းရကြောင်း ၎င်းတို့က ဆိုသည်။

ယခုပေါက်ဈေးမှာ တစ်လီတာ တစ်ဘူးလျှင် ငွေကျပ် တစ်ထောင်နှင့် ကောက်ညှင်းပေါင်း တစ်ပွဲက သုံးရာကျပ်။

မစုလှိုင်နှင်းတို့ အိမ်ပြန်ချိန်က ဓနိရည်လည်းကုန် ဧည့်သည်လည်းကုန်။

မစုလှိုင်နှင်းနှင့် မြိတ်သမီးပျိုတို့၏ ညချိုရည်လမ်းလေးက ဓနိရည်ချိုချစ်သူ တို့ကို ညစဉ် ကြိုနေဆဲ။

ကိုဆန်း(မြိတ်)