ဈေးတက်သဖြင့် အောင်ဘာလေထီ ရောင်းအားထက်ဝက်ခန့်ကျဆင်း

0
669

ထားဝယ်တွင် အောင်ဘာလေထီ ဈေးများတက်လာသဖြင့် ထီရောင်းအား ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်ဟု ထီရောင်းဝယ်သည့် ကိုယ်စားလှယ်များ ထံမှ သိရသည်။

အောင်ဘာလေထီတစ်စောင်တစ် ထောင်ကျော်ဖြင့်ရောင်းချနေသည့်အချိန် မှစ၍ ထီရောင်းအားများတဖြည်းဖြည်း ကျဆင်းလာခဲ့သည်ဟု ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ မြိတ်သူလေးထီဆိုင်မှ ဒေါ်ချိုမာအေးက ပြောသည်။

“(တစ်စောင်) တစ်ထောင်အထိဖြစ် တုန်းက အေးအေးဆေးဆေးရောင်းနေ တုန်းပဲ။ ထောင့်တစ်ရာတွေ ထောင့်နှစ် ရာတွေဖြစ်လာတော့ ကိုယ့်မှာရောင်းအား တွေပိုကျလာ တယ်လေ။ ဒါဆိုကိုယ်က ဝယ်သမားတွေကို အသည်းအသန် တအားလိုက်ပြောနေရတယ်။ တစ်ခါတလေ အဲလိုဖြစ်လာတဲ့အချိန်ဆို စိတ်ရှုပ်လာတယ်” ဟု မချိုမာအေးက ဆိုသည်။

ယခင်ထီတစ်စောင် တစ်ထောင် ကျပ်ဖြင့်ရောင်းချစဉ်က တစ်လလျှင် ရောင်းအား ငွေကျပ် ကိုးသိန်းဝန်းကျင်ခန့် ရသော်လည်း ယခုအခါ ကျပ်လေးသိန်း ခန့်သာ ရောင်းရသဖြင့် ထက်ဝက်ခန့် ရောင်းအားကျသွားကြောင်း မချိုမာအေးက ပြောသည်။

ထားဝယ်ပင်ရင်းထီဆိုင်တွင် မိုးယံထီ ကို ငွေကျပ် ၁၁၀၀၊ ရွှေမြန်မာထီကို ငွေကျပ် ၁၀၄၅ ကျပ်ဖြင့်ဝယ်ယူရသဖြင့် ၁၂၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထီဈေးအပြောင်းအလဲဖြင့် အတက် ဘက်ကို ဦးတည်လာသဖြင့် ထီရောင်းအားများ ထက်ဝက်ခန့်ကျဆင်းလာပြီး မင်္ဂလာစုံတွဲထီဆိုလျှင် ကံစမ်းသူမရှိ သဖြင့် ခွဲရောင်းနေရသည်ဟု ထားဝယ် မြို့၊ ကျွန်းမွေးရပ်ကွက်မှ အသက် ၇၆ နှစ်အရွယ်ရှိ ရွှေမြန်မာထီကိုယ်စားလှယ် တစ်ဦးက ပြောသည်။

“အခုက တစ်စောင်နှစ်စောင်တောင် ထိုးနေကြတာ၊ အရင်က မင်္ဂလာစုံတွဲဆို အုပ်လိုက်ထိုးတာ ဆယ်စောင်တောင် မဟုတ်ဘူး။ အက္ခရာလွတ် မင်္ဂလာစုံတွဲဆို ဟိုတုန်းက ထိုးတယ်။ အခု မထိုးနိုင်တော့ ဘူး။ လုံး၀ကို မရောင်းရဘူး။ ပြန်ပြန် ခွဲရောင်းနေရတယ်”ဟု ၎င်းက ဆိုသည်။

မိုးယံပင်ရင်း၊ ရွှေမြန်မာပင်ရင်း ထီဆိုင်များတွင် တစ်ဆင့်ဝယ်ယူရသဖြင့် ပင်ရင်းတွင် ဈေးတက်လာ၍ ထီဈေးများ တက်လာခြင်းဖြစ်ပြီး အခွန်ရုံးတွင် လိုသလို ဝယ်ယူမရခြင်း၊ အာမခံစဘော်တင်ရခြင်း၊ ရန်ကုန်မှ ရွေးပြီးကျလာသည့် ထီများဖြစ်သဖြင့် ထီဆုပေါက်မဲ မရှိခြင်း၊ ရောင်း မကုန်ပါက ပြန်အပ်မရခြင်း စသည့် အခက်အခဲများရှိကြောင်း ထီ ကိုယ်စား လှယ်လက်ခွဲရောင်းချသူများက ဆိုသည်။

ထီဈေးတက်လာခြင်းမှာ အထွေထွေ စရိတ်နှင့် အလုပ်သမားစရိတ်၊ ဆိုင်ခန်းခ များကြောင့် ရောင်းမကိုက်သဖြင့် ၁၂၀၀ ကျပ်ဖြင့်ရောင်းချခြင်းဖြစ်ကြောင်း ထားဝယ် မြို့၊ ဇရစ်ရပ်ရှိ DELUXE III ထီဆိုင် ပိုင်ရှင် ဒေါ်စုဝေဖြိုးက ပြောသည်။

“အချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် စောင်ရေမကျဘူး။ ဘာလို့လဲဆိုတော့ လက်ကား မှာရောင်းတဲ့လူပိုများလာ တယ်ဆိုတော့ လက်လီမှာ ရောင်းအား ကျလာတဲ့ သဘောလောက်ပဲရှိတယ်။ လက်ကားရော လက်လီရောပေါင်းမယ် ဆို စောင်ရေမကျဘူး။ လောလောဆယ် တော့ ထီဈေးတွေ မငြိမ်မသက်ဖြစ်နေ တယ်ပေါ့”ဟု ၎င်းက ဆိုသည်။

ထီရောင်းအားမကျစေရန်အတွက် နေရာတော်တော်များများတွင် လက်လီ အရောင်းဆိုင်များဖွင့်လှစ်ထားရသည်ဟု ၎င်းက ပြောသည်။

အောင်ဘာလေသိန်းဆုဌာန ပြည်တွင်း အခွန်များဦးစီးဌာနတွင် ထီဝယ်ယူရာ အာမခံစဘော်ငွေတင်သွင်းထားရသည်။

မိုးမြင့်