မြန်မာနိုင်ငံသည် ကမ္ဘာ့ရွာကြီးအတွင်း တွင် ရှိသည်

0
580

လူပေါင်း သန်း ၇၀ မှ ၈၅ သန်းအကြား သေဆုံးခဲ့သည့် ကမ္ဘာ့သမိုင်းတွင် လူအသေအပျောက်အများဆုံး ဖြစ်ရပ်ကြီးဖြစ်သော ဒုတိယ ကမ္ဘာစစ်ကြီး ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးသွားခဲ့သည်။ ထိုကဲ့သို့သော ဆိုးဝါးသည့် ဖြစ်ရပ် နောက်ထပ် မဖြစ်ပွားအောင် ကမ္ဘာ့ခေါင်းကိုင်နိုင်ငံများက ကြံဆကြသည်။

ထိုကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ပေါ်ထွန်းလာပြီး သက်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေး ကဏ္ဍအလိုက် ကမ္ဘာကြီးကို ထိန်းကျောင်း၊ ချိန်ညှိနိုင်သည့်၊ ဆွေးနွေးငြင်းခုံရန် ပလက်ဖောင်းများ ဖန်တီးပေးသည့် အသင်းအဖွဲ့၊ အစုအဖွဲ့များ ပေါ်လာသည်။

နည်းပညာများ တိုးတက်လာခြင်း၊ အချင်းချင်း ချိတ်ဆက် ကုန်သွယ်မှု ပိုများပြားလာခြင်းတို့နှင့် အတူ ကမ္ဘာကြီးပေါ်တွင် တိုင်းပြည်နိုင်ငံများ၊ အစုအဖွဲ့ များသည် သီးခြားစီ ဖြစ်တည်ရန် ခက်ခဲလာပြီး အချင်းချင်း နက်ရှိုင်းစွာ တည်မှီ နေလာကြသည်။

ယင်းကြောင့် နိုင်ငံအလိုက် သက်ဆိုင်ရာ အစိုးရများ၏ စီမံအုပ်ချုပ်မှု ပုံစံများ (Governance) နည်းတူ အစိုးရကဲ့သို့သော ကိုယ်ထည်မရှိသည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုပုံစံ (Global Governance)သည်လည်း အချို့သော ကဏ္ဍများတွင် ပိုမိုစည်းနှောင်အားကောင်းလာသည်။ Global Governance without Global Government ပုံစံ ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု ပုံစံဖြင့် နိုင်ငံများ အချင်းချင်း အကူအညီ ပေးခြင်း၊ ကုန်သွယ်ခြင်း၊ အကျိုးစီးပွားဖက် ဆောင်ရွက်ခြင်း၊ လုံခြုံရေး ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရှေးဟောင်း စသည့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်း၊ အကူအညီပေးသည့် နည်းလမ်းများ ပို၍ ပုံဖော်လာသည်။ ထိုနည်းတူ လူသားမျိုးနွယ်ကို ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများနှင့် ထိုနည်းတူ ရက်စက်သော ကျူးလွန်မှုများအတွက် နိုင်ငံများကို အပြစ်ပေး၊ အရေးယူ၊ ရှုတ်ချနိုင်သော ယန္တရားများလည်း ပေါ်လာသည်။

ယခု မြန်မာနိုင်ငံက တရားရင်ဆိုင်ရမည့် နိုင်ငံတကာ တရားရုံး (ICJ) သည် ထိုသို့သော ယန္တရားများ အနက်မှ တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲချက်ဖြင့် အာဖရိကနိုင်ငံ တစ်ခု ဖြစ်သော ဂမ်ဘီယာက တရားစွဲခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အသိုင်းအဝိုင်းက ခွင့်မလွှတ်သော ကိစ္စတစ်ရပ်ကို ကျူးလွန်ဖောက်ဖျက် သည်ဟု စွပ်စွဲချက်ဖြင့် ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် ထိုအရေးကိစ္စသည် ပြည်တွင်းရေး ကိစ္စသက်သက်မဟုတ်ဘဲ နိုင်ငံတကာအရေး ဖြစ်ကြောင်း သတိချပ်ရန် များစွာအရေးကြီးပါသည်။ ယင်း ကြောင့်ပင် ထိုအမှုကိစ္စကို မြန်မာနိုင်ငံမှ ပြည်သူများ တုံ့ပြန်ဆောင်ရွက်ရာ၌ ပြည်တွင်းရေးအမြင်သက်သက်ဖြင့် မဟုတ်ဘဲ နိုင်ငံတကာ အမြင်ဖြင့် ကျယ်ပြန့် စွာ တုံ့ပြန်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း အလေးပေးဖော်ပြလိုပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ရွာကြီးအတွင်းမှ အဖွဲ့ဝင်တစ်နိုင်ငံဖြစ်ပြီး ကျွန်ုပ်တို့ သည်လည်း ကမ္ဘာ့ရွာကြီးအတွင်းမှ အဖွဲ့ဝင်ရွာသူရွာသားများ ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။


အယ်ဒီတာ (နိုဝင်ဘာ ၃၀၊ ၂၀၁၉)