မျိုးစေ့သည် အသက်

0
1100

အသီးအပွင့်တွေက အစေ့ကလာသလို လူ့ဘ၀အသက်ရှင် ရပ်တည်မှုကလည်း မျိုးစေ့တွေ အပေါ်မှာ မှီခိုနေပါတယ်။

လူတစ်ယောက်ရဲ့ စား၊ ဝတ်၊ နေရေး အတွက် အသီးအပွင့်၊ သစ်ပင်၊ သစ်ဥ စတာတွေကို အသုံးပြုနေရတာဖြစ်တဲ့ အတွက်ကြောင့် အဲဒါတွေရဲ့ မူလဖြစ်တဲ့ မျိုးစေ့က အရေးကြီးတာ ဖြစ်ပါတယ်။

မျိုးစေ့လို့ ပြောကြပြီဆိုရင် မိရိုးဖလာ မျိုးစေ့နဲ့ အခုခေတ်ထုတ် စပ်မျိုးစေ့ ဆိုပြီး ၂ မျိုးရှိပါတယ်။

လက်ရှိအခြေအနေမှာတော့ မိရိုး ဖလာမျိုးစေ့တွေဟာ ပျောက်ကွယ်လုနီးပါး အခြေဆိုက်နေပါတယ်။ ဒါပေမယ့် ခေတ် သစ်ထုတ် စပ်မျိုးစေ့ကတော့ ပိုပိုပေါလာ ပါတယ်။

ဒီမျိုးစေ့ ၂ မျိုးမှာ ကြီးမားတဲ့ ကွာဟချက်တချို့ ရှိပါတယ်။

မိရိုးဖလာမျိုးစေ့က မျိုးစေ့ထပ်ကာ ထပ်ကာ ပြန်ယူပြီးစိုက်လည်း ထွက်နှုန်း၊ အသီးအရွယ်အစား၊ အပင်ခိုင်ခံကြီးထွားမှု တွေက ပုံမှန်အတိုင်းပါပဲ။ ခေတ်သစ်ထုတ် မျိုးစေ့တွေကတော့ မျိုးစေ့တော့ ပြန်ယူ လို့ရပါတယ်။ ဒါပေမဲ့ ထွက်နှုန်းတွေ အသီးအရွယ် အစားတွေ မျိုးရိုးတွေက ပုံမှန်အတိုင်း မဟုတ်တော့ပါဘူး။ အသီး သီးရင်လည်း အရောင်မတူတာတို့ အသီးမလှ တာတို့ အသီးကြွေပြီး ထွက်နှုန်းတွေက သိသိသာသာကျတာမျိုးတွေ ဖြစ်ပါ တယ်။

ဒီတော့ မျိုးစေ့ကို တောင်သူတွေက အမြဲလိုလို ဝယ်ယူနေရတယ်။ မျိုးစေ့တွေ ကို တောင်သူတွေ ထပ်ကာထပ်ကာ ဝယ်ယူလေ ဒေသမျိုးစေ့ပျောက်ကွယ်လေ ပါပဲ။

တောင်သူဘ၀က ကုမ္ပဏီကို အလုပ် အကျွေးပြုနေရသလိုပါပဲ။

မျိုးစေ့အပြင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသဖြင့် များစွာသော သွင်းအားစုတွေကို သုံးစွဲနေ ရတယ်။

ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေ ပိုသုံးလေ ဇီ၀မျိုးကွဲတွေ ပိုသေလေ။ ဇီ၀ မျိုးကွဲတွေ ပိုသေတော့ ဖျက်ပိုးတွေက ပိုပေါလာ လေပါပဲ။

ဒါကြောင့် ဓာတုပစ္စည်းနဲ့ များများ စိုက်ပျိုးလေ တောင်သူဘ၀ နင့်သထက် နင့်လေ ဖြစ်နေရပါတယ်။

အစာစားတာဟာ လူ့ခန္ဓာကိုယ်မှာ စွမ်းအင်ရရှိဖို့အတွက် စားသုံးတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ အစားအစာ ကို ထိန်းချုပ်နိုင်မှတော့ လူ့အသက်ကို လည်း ထိန်းချုပ်နိုင်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် မျိုးစေ့တွေက အရမ်း ဈေးကြီးတာမှမဟုတ်တာ။ ဘာကြောင့် ဒီလောက် အဝေးကြီး တွေးနေတာလဲလို့ မေးစရာ ရှိပါတယ်။

တကယ်လဲ အဝေးကြီးတွေးဖို့ လိုအပ် လို့ ဖြစ်ပါတယ်။

ဆိုပါတော့ . . . . ဒေသမျိုးစေ့တွေ မရှိတော့ဘဲ ခေတ်သစ်ထုတ် မျိုးစေ့တွေ သာ ရှိတော့တယ်ဆိုတဲ့ တစ်နေ့ကို ရောက် သွားတယ်ဆိုပါတော့ အဲဒီနေ့ဟာ ကျွန်တော် တို့ အားလုံးရဲ့ အသက်က မျိုးစေ့ကုမ္ပဏီ တွေရဲ့ လက်ထဲ ၀ကွက်အပ်ထားလိုက်ရတဲ့ နေ့ပဲ ဖြစ်ပါတယ်။

မျိုးစေ့ဟာ အသက်ရှင်သန်မှုအတွက် အရေးကြီးပါတယ်။ ဒေသမျိုးစေ့တွေ ပေါများလာအောင်၊ အသုံးများလာအောင် ဝိုင်းလုပ်ကြစေချင်ပါတယ်။

နိုင်ဝင်း