တိုးတက်တဲ့ မျိုးဆက်က ထားခဲ့မယ့် အမွေ ဘာလဲ

0
845

ရုပ်သံလိုင်းတခုမှ အပတ်စဉ်လွှင့် နေသော မိသားစုပြိုင်ပွဲ အစီအစဉ်မှာ ကဲ့သို့ ပရိသတ် အယောက်တစ်ရာကို မေးခွန်းတစ်ခု မေးကာ ဖြေဆိုမှုများသော အဖြေကို ကောက်ချက်ချကြည့်ချင်သည်။

“ဖွံ့ဖြိုးရေး(Development)” လို့ ပြောလိုက်ရင် ဘာကို မြင်သလဲ၊ ပရိသတ် ကြီး အယောက်တစ်ရာရဲ့ အဖြေက…။

ပရိသတ်သည် ဟောလိဝုဒ်ဇာတ် ကားများထဲကလို တိုက်တာကြီးများ၊ ဇိမ်ခံကားများကို မြင်ကြသလား။

ကိုရီးယားဇာတ်လမ်းတွေထဲကလို မင်းသမီး၊ မင်းသား၏ အလှအပ၊ အိမ်ကောင်းရာကောင်း၊ ဝတ်ကောင်း စားလှများကို မြင်ကြသလား။

နေပြည်တော်က လမ်းအကျယ်ကြီးများ၊ မာကျူရီမီးတိုင်တို့ဖြင့် ထိန်ထိန်ညီး နေသည့် မြင်ကွင်းကို မြင်ကြသလား၊ သို့မဟုတ် မြန်မာဇာတ်ကားများထဲကလို အနောက်တိုင်းဝတ်စုံအပြည့်နှင့် နေ့စဉ် ရုံးတက်ကြသော သူဋ္ဌေးကြီးများကို မြင်ကြ သလား။

မည်သည်ကို မြင်ကြသနည်းဟု သိချင်မိသည်။ အဆွေစာရှုသူကော မည်သို့ မြင်ပါသနည်း။

လူတစ်ဦးနှင့်တစ်ဦး အဖြေကား တူမည်မဟုတ်သော်လည်း လူတဦးချင်း စီမှသည် အများစုအထိ ဖွံ့ဖြိုးရေး အပေါ် မည်သို့ နားလည်ကြသည်ကို စောကြော ချင်မိလှ၏။

အကြောင်းရင်းကား ရှိပါ၏။

ကျွန်တော်သည် ဖွံ့ဖြိုးတိုးတက်ရေး ဟူသောဝေါဟာရ၏ အနက်ကို ဆွေးနွေး မည် မဟုတ်။ ကျွန်တော်တွေ့ရ မြင်ရသော ဖွံ့ဖြိုးရေးဟူသည့် ခေါင်းစဉ်အောက်တွင် ဖြစ်ပျက်နေသည်ကိုသာ ပြောကြည့်ချင်ပါ သည်။

အနှီ ဖွံ့ဖြိုးတိုးတက်ရေး ဟူသော စကားလုံးကို အထူးသဖြင့် နိုင်ငံ၏တာဝန်ကို ယူထားကြသော ပုဂ္ဂိုလ်များ၏ နှုတ်ဖျားတွင် တွင်တွင် ကြားရသည်။ လူတိုင်းနီးပါးလည်း ပြောဖူး၊ ကြားဖူးကြ မည်ဟု ထင်ပါသည်။ ရပ်ရွာဒေသ ဖွံ့ဖြိုးရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး၊ နိုင်ငံတော် ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးရေး …. စသဖြင့် ထိုဖွံ့ဖြိုးရေးသည် လုပ်ငန်း ပေါင်းစုံ၌ ထိပ်စီး ဖြစ်လာကာ ထိုဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်တွင် လုပ်ငန်းများစွာ အလုပ်ဖြစ်နေကြသည်။

ပြောင်းလဲမှု များစွာ ဖြစ်နေကြလေသည်။

လူသွား၊ လှည်းသွား မြေလမ်း ကလေးသည် ကားသွားနိုင်သည့် ကွန်ကရစ် လမ်း ဖြစ်လာသည်။

ဖယောင်းတိုင်မီး၊ ရေနံဆီမီးကလေး မှိတ်တုတ်မှိတ်တုတ်မှသည် ၂၄ နာရီ လျှပ်စစ်မီးနှင့် လင်းလင်းကျင်းကျင်း ဖြစ်လာသည်။

ပျဉ်ထောင်အိမ်မှ တိုက်အိမ်၊ မြေရေအိုး ကလေးမှသည် ရေပူ ရေအေးစက်၊ ရေခဲ သေတ္တာ ထဲက ရေသန့်ဘူး၊ စမ်းချောင်းမှ တွင်းမှ ရေကို ခလုတ်နှိပ်ရုံဖြင့် လိုရာရောက် အောင်စီမံနိုင်ပြီ။

ယပ်ကလေးခတ်၊ သစ်ပင်အရိပ် အောက် နားနေ၍ အပူရှောင်ရာမှ လေ အေးပေးစက်ကြီး တပ်နိုင်ပြီ။

စက်ဘီး၊ နွားလှည်း၊ မြင်းလှည်း၊ လှေ မှသည် ဆိုင်ကယ်၊ မော်တော်ကား၊ လေယာဉ်ပျံ တို့စီးနိုင်ကြပြီ။

ငှက်ပျောရွက်၊ ဖက်ရွက် ကလေးများ နှင့် အစားအစာ ထုပ်ရာမှ တစ်ခါသုံး ပလပ်စတစ်၊ ဖော့ဘူး၊ စက္ကူခွက်ကလေး များနှင့် လှလှပပ ထုပ်ပိုးနိုင်ပြီ။

ကမ်းခြေရှိ တံငါတဲလေးများ ပျောက် ကာ လှပသော တိုက်တာ အဆောက်အအုံ အပန်းဖြေရိပ်သာများ အစီအရီ ပေါ်လာ သည်။

တောတောင်မြေယာနေရာအများတို့ စီးပွားဖြစ် အပင်များစွာတို့က နေရာယူ လာသည်။
ယခင်က ဖိုးလမင်းကို အောင်သွယ် ခိုင်းရာမှ ယခုမူ မိုဘိုင်းဖုန်းကလေးဖြင့် နားဖောက်နိုင်ပြီ … စသည်စသည်ဖြင့် ပြော၍ ကုန်နိုင်ဖွယ်ရာ မရှိသော အပြောင်းအလဲတို့သည် ဖြစ်ကုန်၏။ ဖြစ်ဆဲ လည်း ဖြစ်၏။ နောင်တွင်လည်း ပြောင်း လဲနေဦးမည် သာလျှင် ဖြစ်သည်။

ဤသို့လျှင် များမြောင်လှသော အထက်ပါ အပြောင်းအလဲတို့ကို ဖွံ့ဖြိုး တိုးတက်ခြင်းဟု ခေါင်းစဉ်တပ်သည်ရှိ သော် စကြာ၀ဠာကို ခြေဆန့်ရန် အားထုတ် နိုင်ပြီဖြစ်သော ယနေ့ခေတ် မနုဿ မျိုးဆက်ကို ဖွံ့ဖြိုးတိုးတက်သော မျိုးဆက် ဟု ခေါ်ရမည် ထင်ပါသည်။ ကျွန်ုပ်တို့၏ ဘိုးဘေး အစဉ်ဆက်တို့သည် မျက်မှောက် ကာလကဲ့သို့ ပြောင်းလဲမှုမျိုး မလုပ်ခဲ့နိုင် မကြံစည်ခဲ့နိုင်၍ သိပ်မတိုးတက် နိုင်ဟု ဆိုလိုက ဆိုနိုင်မည်ဖြစ်သည်။ ထိုရှေးမျိုး ဆက်တို့ ချန်ခဲ့ ကျန်ခဲ့သော အရင်းအမြစ် များကို ယနေ့ခေတ် မျိုးဆက်လူသား တို့က အသုံးပြုကြံဆတီထွင်လျက် အပြောင်း အလဲများစွာကို ဖန်တီးကာ ဖွံ့ဖြိုးတိုးတက် မှုကိုလှမ်းကြသည်။

ဖွံ့ဖြိုးတိုးတက်သည်ဆိုသော အပြောင်း အလဲများတွင် မြင်သာထင်သာရှိသည်က ဒြပ်ဝတ္ထု ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ ဖြစ်သည်။ ကျွန်တော် အထက်တွင် ဥပမာပေး ဖော်ပြခဲ့သော အပြောင်းအလဲ များသည်လည်း ရုပ်ပိုင်းဆိုင်ရာ အပြောင်း အလဲများ ဖြစ်သည်။ ထိုရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများနှင့်အတူ ခေတ်လူ တို့၏ အမူအကျင့် စိတ်ပိုင်းဆိုင်ရာ အပြောင်း အလဲများသည်လည်း အပြန်အလှန်အား ဖြင့် ပြောင်းလဲလာသည်သာလျှင် ဖြစ် သည်။

ထင်ရှားသည်မှာ လိုအပ်ချက်ထက် လိုအင်ဆန္ဒနောက်ကို ကောက်ကောက်ပါ အောင် လိုက်ကြသည့် အကျင့်၊ တစ်နည်း အားဖြင့် ရုပ်ဒြပ်ဝတ္ထုကို ကိုးကွယ်သည့် အကျင့်မျိုး ဖြစ်သည်။

ဖြုန်းတီးသော လူနေမှုစရိုက်ဟုလည်း တချို့က ကင်ပွန်း တပ်ကြသည်။ ထင်ရှားသည်မှာ လွန်ခဲ့ သော အနှစ် ၅၀ ခန့်က သာမန်အင်္ကျီ တစ်ထည်ကို လူအများ တန်ဖိုးထားပုံနှင့် ယနေ့အချိန်တွင် သာမန် အင်္ကျီတစ်ထည် အပေါ်တန်ဖိုးထားပုံချင်း ကွာပါသည်။ ဆိုလိုသည်မှာ ရှားပါးသော ပစ္စည်းတစ်ခု ကို လူတို့ တန်ဖိုးထားကြသည်။ ပေါပေါ ရသော အခါတွင်မူ တန်ဖိုးမထားချင် တော့။ ထို့ထက်ဆိုးသည်က ပေါပေါရ သဖြင့် ဖြုန်းတီးပစ်ခြင်း ဖြစ်သည်။

ရှေးဘိုးဘေးတို့ခေတ်က စားသောက် စရာ အတွက်ကိုယ်တိုင် ပင်ပန်းစွာ အားထုတ်ရသဖြင့် အစားအစာကို တန်ဖိုး ထားကြမည် ဖြစ်သော်လည်း ယနေ့ အခါတွင်မူ ငွေစက္ကူကလေးနှင့် အစား အစာကို လွယ်လွယ်လဲလှယ်နိုင်သော ခေတ်ဖြစ်၍ လိုအပ်သည် ထက်ပိုကာ စားကြ သောက်ကြ ဝယ်ကြ ဝတ်ကြနှင့် တိုးတက်ခေတ်မီခြင်း ရေစီးတွင် စီးမြော ကြလေသည်။

ထိုသို့သော လူမျိုး များ၍ လာလေရာ ဖြုန်းတီးသော လူနေမှု စရိုက်သည်လည်း သာ၍တိုးလာသည် သာလျှင် ဖြစ်လေသည်။

ကြည့်လော့။

ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးက ထုတ်ပြန်သော စာရင်းတွင် နှစ်စဉ် ကမ္ဘာတဝန်းက ထုတ် သည့် လူ့စားသောက်ကုန် စုစုပေါင်း သုံးပုံ နှစ်ပုံသည် အလဟဿ အလေအလွင့် ဖြစ်သွားရသည်ဟု ဆိုထားသည်။ ထို ပမာဏမှာ ခန့်မှန်းခြေအားဖြင့် တန်ချိန် ပေါင်း ၁.၃ ဘီလီယံခန့် ရှိသည်။ ဖွံ့ဖြိုး ပြီး စက်မှုနိုင်ငံများက ပိုဖြုန်း၍ တိုးတက် ဆဲဟူသော နိုင်ငံများသည်လည်း ဖြုန်း ကြသည်ဟု ဆိုထားသည်။ ဤသည်ကား လူတို့ရှင်သန်ရန် အရေးကြီးသော အစားအစာ ကဏ္ဍတစ်ခု တည်းတွင်သာ ရှိသေးသည်။ အခြားသော အဝတ်အထည်၊ အလှအပ ပစ္စည်းများ၊ ပလပ်စတစ်များ၊ အိမ်သုံး ပစ္စည်းများ အစရှိသော အရာများ၌ဆိုလျှင် မည်မျှများလိမ့်မည်ကို ကားဆိုဖွယ် မရှိပြီ။ ဤသည်ကား တိုးတက်သော ခေတ်၏ သရုပ်သကန် လေလောဟု တွေးဆမိသည်။ လိုအပ်သလောက်ထက် လိုချင်သလောက် သုံးကြသည်။ အသစ် အသစ်တွေနောက် လိုက်ကြသည်။ လိုက်လည်း လိုက်နိုင်ကြပါပေသည်။

ပြောင်းလဲ တိုးတက်လာသည်ဆိုသော နည်းပညာသည် လူတို့၏ အတောမသတ် နိုင်သော အလိုဆန္ဒများကို ပြည့်ဖို့ရန် အားထုတ်ကြသည်သာ။

သို့ရာတွင် လူတို့၏ အတောမသတ် နိုင်သော လိုအင်များကို အပြည့်အဝ ဖြစ်စေဖို့ရာမှာ အကန့်အသတ်ကြီးများ ရှိနေသည်။ လောကဓာတ်သိပ္ပံပညာသည် သဘာ၀တရားကြီးကို အောင်နိုင်မည်ဟု အထင်ရောက်ခဲ့ကြဖူးသည်။ အမှန်မှာ ကား ယနေ့ခေတ် မျိုးဆက်တို့၏ ဖွံ့ဖြိုးရေး ဟူသည့် အပြောင်းအလဲအများစုသည် အကန့်အသတ်ရှိသော သဘာ၀ အရင်း အမြစ်များကို စတေး၍ ရလာသော အရာ များဟု ဆိုရပေမည်။ ထိုသို့လျှင် သဘာ၀ အရင်းအမြစ်များကို စတေးရသဖြင့် ဖြစ်လာသော နောက်ဆက်တွဲ ဆိုးကျိုး များလည်းရှိသည်ဖြစ်၍ ထိုအကျိုးဆက် ကို လောကဓာတ်သိပ္ပံပညာက အဟော သိကံ ဖြစ်သွားအောင် မလုပ်နိုင်။

ဆိုကြပါစို့။

ယနေ့ ကမ္ဘာပေါ်တွင် လျှပ်စစ်စွမ်း အင်အတွက်၊ ယာဉ် စက်ယန္တရားအမျိုးမျိုးသုံးရန်အတွက် အဓိက သုံးနေရသော လောင်စာသည် ရုပ်ကြွင်းလောင်စာဖြစ် သော ရေနံ၊ ကျောက်မီးသွေး၊ သဘာ၀ ဓာတ်ငွေ့စသော အကန့်အသတ်ရှိသော အရင်းအမြစ်အပေါ် မှီခိုနေရသည်။ ထို အရင်းအမြစ်များသာ ကုန်ခမ်းသွားခဲ့ လျှင်….။ (မကြာသေးမီကပင် သတင်း တစ်ပုဒ်တွင်ပင် မြန်မာပြည် ကမ်းလွန်ရှိ ရဲတံခွန်နှင့် ရတနာ သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှုစီမံကိန်းများမှ သဘာ၀ ဓာတ်ငွေ့ထွက်ရှိမှု နည်းပါး ကုန်ခမ်းလာ ပြီဖြစ်ကြောင်း ဖတ်လိုက်ရသေးသည်။)

ထိုရေနံ၊ ကျောက်မီးသွေး၊ သဘာ၀ ဓာတ်ငွေ့ စသည်တို့ကို သုံးရသဖြင့် လေထု ညစ်ညမ်းခြင်း၊ ဖန်လုံအိမ်အာနိသင်ကို တိုးပွားစေခြင်း အစရှိသည့်ဆိုးကျိုးစွာမှ သည် ကမ္ဘာကြီး ပူနွေးလာ၍ မုန်တိုင်းများ အကြိမ်ရေနှင့် ဖျက်အားပြင်းလာခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း၊ တောမီးလောင်ခြင်း၊ အပူချိန်မြင့်တက် လာခြင်းစသည့် အစွန်းရောက် ဥတုကပ် ဆိုးများ တိုး၍လာခြင်း၊ သီးနှံထွက်နှုန်း ကျခြင်း အစရှိသည့် အကျိုးဆက်များ မျက်ဝါးထင်ထင် မြင်လာနေရ ကြုံလာနေ ရပေပြီ။

ထိုဆိုးကျိုးတို့ကို လုံး၀မဖြစ်အောင် နည်းပညာသည် မကုစားနိုင်သေးပေ။ သို့သော်လည်း လူများကား သဘာ၀ လေသန့်ကို ထုတ်ပေးသော သစ်ပင်များ ကို ခုတ်ထွင်ရှင်းလင်းကာ နေအိမ်တွင် လေအေးပေးစက်ကလေးတပ်သည့် ဖွံ့ဖြိုး မှုမျိုးကို တမ်းတကြသည်။ စိမ့်စမ်းရေ ကြည်ကြည်အေးအေးကလေးရလျက်နှင့် ပင် အိမ်တွင် ရေသန့်စက်ကလေး၊ ရေခဲ သေတ္တာ ကလေးတပ်မှဟူသော အတွေး မျိုးနှင့် ဖွံ့ဖြိုးရေးကို ဆာလောင်ကြသည်။

သဘာ၀ အရင်းအမြစ်ကိုဖျက်၍ မိမိတို့ကို ဘေးဥပါဒ်ဖြစ်စေနိုင်သည့် ဖွံ့ဖြိုး ရေးဟူသော ပြောင်းလဲမှုကို အာသီသရှိကြ ပါသည်။ မသိမသာရော သိသိသာသာပါ ဖြုန်းတီးသော လူနေမှုကို တွေ့လာရပါပြီ။ သဘာ၀ အရင်းအမြစ်များက ဖြုန်း၍မကုန် မဟုတ်ရပါ။ အကန့်အသတ်နှင့်သာ ဖြစ်ပါသည်။ ထိုသို့ ဖြုန်း၍ဆိုးကျိုးလည်း ရှိပါသည်။ သဘာ၀တရားဖောက်ပြန်လာ သည်ကို နည်းပညာက မကုစားနိုင်သော အခါ သဘာ၀နည်းဖြင့်ပင် ပြန်လည်ကုစား မှ ရပါပေမည်။

လူသည် မွေးလာသည်မှ နှစ်တစ်ရာ ဝန်းကျင်အတွင်း အိုလာ နာလာပြီး သေရ မည်သာဖြစ်ပါသည်။ ဤကမ္ဘာတွင် ကြာကြာ မနေနိုင်။ မိမိတို့ ယနေ့သုံးနေ သော အရင်းအမြစ် သဘာ၀ဝန်းကျင်မှာ ရှေးဘိုးဘေးတို့ ချန်ခဲ့ ကျန်ခဲ့သော အရာများ ပင် ဖြစ်ပါသည်။

မိမိတို့ မရှိတော့သော နောင်အနာဂတ် တွင် နောင်မျိုးဆက်အတွက် မည်သို့သော ကမ္ဘာမျိုး၊ ဝန်းကျင်မျိုးကို လက်ဆင့်ကမ်းခဲ့ မည် နည်းဟူသည်ကား မဖြစ်မနေတွေးဆ ရမည့် အချက်ပင် ဖြစ်ပါသည်။

ဖုန်းဆိုးမြေကမ္ဘာလား။

သဘာ၀ တရားတို့ ကျန်းမာစွာ ရှိသော မြေကမ္ဘာလား။

သေချာသည်ကတော့ ဤဘဒ္ဒမျိုး အသစ်တစ်လုံး အပို မရှိသေးပါ။ ဤ နေ အဖွဲ့အစည်းတွင် တစ်ခုတည်းသာရှိသော မြေကမ္ဘာ ဂြိုလ်ပြာကလေးပင် ဖြစ်ပါ သည်။

တွေးဆဆင်ခြင် မြော်မြင်ခြင်း အတိနှင့် ပြည်စုံသော ဖွံ့ဖြိုးရေး ဖြစ်ပါစေ သတည်း။

ဖိုးကြာရိုး