ကုန်ပစ္စည်းကိုးမျိုးတွင် မြန်မာဘာသာ ဖြင့် မဖော်ပြက လာမည့်နှစ်တွင် စတင် အရေးယူတော့မည်

0
586

စားသောက်ကုန် အပါအဝင် ကုန် ပစ္စည်းကိုးမျိုးတွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိပါက လာမည့်နှစ် မတ်လ ၁၅ ရက်နေ့တွင် စတင်အရေး ယူတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

အထက်ပါ ကုန်ပစ္စည်းများတွင် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြ ချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက် ဆိုးကျိုး အစရှိသည့် ကုန်အမှတ်တံဆိပ် သတ်မှတ်ချက်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည် ဖြစ်သည်။

ကုန်ပစ္စည်းအမယ် ၉ မျိုးတွင် အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ ဆေးဝါး နှင့် ဖြည့်စွက်စာများ၊ ဓာတုဗေဒပစ္စည်း များ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာ များပါဝင်သည်။

စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားပြီး ယင်းဥပဒေအခန်း ၁၈ ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေထုတ်ပြန် ပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်နေ့ရက် တွင် စတင်အာဏာ တည်စေရမည်ဟု ဖော်ပြထားသည်။

ယင်းဥပဒေတွင် ရောင်းချနေသည့် ကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေဖော်ပြရမည်ဟု ပါရှိသည်။

အထက်ပါဥပဒေစတင်ပြဋ္ဌာန်း အချိန်မှ တစ်နှစ်ပြည့်မည့် ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်မှ စတင်ကာ ဥပဒေတွင် ပြဋ္ဌာန်း ထားသည့်သတ်မှတ်ချက်အတိုင်း ဖော်ပြထားခြင်းမရှိသည့် ကုန်ပစ္စည်းများ ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဆိုသည်။

“ဒီဥပဒေထဲမှာပြဋ္ဌာန်းထားတဲ့ ဥပဒေသတ်မှတ်ချက်တွေအတိုင်း မဖော် ပြထားဘူးဆိုတဲ့ ကုန်စည်မှန်သမျှကို ဒီဥပဒေအရ အရေးယူမှုတွေ ဆက်ပြီး ဆောင်ရွက်သွားမှာပေါ့”ဟု ဦးဝင်းထွန်း က ပြောသည်။

တနင်္သာရီတိုင်း ဈေးကွက်အတွင်းရှိ အထက်ပါကုန်ပစ္စည်းကိုးမျိုးတွင် မြန်မာ ဘာသာဖြင့် ထည့်သွင်းဖော်ပြထားမှုမှာ မရှိသလောက်ပင် ဖြစ်သည်။

ဈေးကွက်အတွင်းတွင် သတ်မှတ် ရက် ကုန်ဆုံးနေသည့် စားသောက်ကုန် များကို တွေ့ရလေ့ရှိပြီး သက်ကြီးရွယ်အို များ၊ ကလေးများက သိနိုင်မည်မဟုတ် ကြောင်း ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်ကွက် နေ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

ယင်းအစားအစာများကို စားသုံးမိ ပါက ဘေးအန္တရာယ်ရှိနိုင်သည့်အတွက် အများနားလည်နိုင်မည့် မြန်မာဘာသာ ဖြင့် ထည့်သွင်းဖော်ပြစေခြင်းကို လက်ခံ ကြိုဆိုကြောင်း ၎င်းက ဆိုသည်။

“အရေးယူတယ်ဆိုတာ ပြောစကား နဲ့မဟုတ်ဘဲ ထိထိရောက်ရောက်လုပ် ဖို့လိုတယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကုန်စည်များတွင် မြန်မာဘာသာ ဖြင့် ထည့်သွင်းဖော်ပြရမည့်အကြောင်း ကို သက်ဆိုင်ရာလုပ်ငန်းရှင်များကို အသိပေးပြီးဖြစ်ကာ သတ်မှတ်ချိန်ကာလ နီးပါက ထပ်မံအသိပေးသွားမည်ဖြစ် ကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်း ဦးစီးမှူး ဦးဝင်းထွန်းက ဆိုသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ ကုန်ပစ္စည်း အမှတ်တံဆိပ် သတ်မှတ်ချက်ကို မပါရှိပါက လုပ်ငန်းရှင် အား သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ လျော်ကြေးပေးစေခြင်း၊ အငြင်းပွားကုန်စည်ကို ဈေးကွက်အတွင်း မှ ပြန်သိမ်းဆည်းစေခြင်း၊ လုပ်ငန်း လိုင်စင် ယာယီပိတ်ခြင်း၊ အမြဲပိတ်သိမ်း ခြင်းအစရှိသည့် အရေးယူမှုများ လုပ်ဆောင် နိုင်သည်။

ကိုဇော်