ဘုတ်ပြင်းမြို့နယ်တွင် တရားမဝင် ပင်လယ်ကမ်းထောင်ပိုက် အရှည် ပေသုံးထောင်ခန့် ဖြုတ်သိမ်း

0
595

ဘုတ်ပြင်းမြို့နယ်ပင်လယ်ကမ်းရိုး တန်းတစ်လျှောက် ထောင်ထားသည့် တရားမဝင် ပင်လယ်ကမ်းထောင်ပိုက် အရှည် ပေသုံးထောင်ခန့်ကို ဖြုတ်သိမ်း ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံ အချို့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် ဘုတ်ပြင်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒေသခံများနှင့် ပူးပေါင်း၍ ကမာချောင်း၊ နီပါးရွာများသို့ ကွင်းဆင်း ကာ တရားမဝင် ကမ်းထောင်ပိုက် အလံ ၅၀၀ (ပေ ၃၀၀၀) ခန့်ကို ဖြုတ်သိမ်းခဲ့ သည်ဟု ဘုတ်ပြင်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးတင်ဝင်းနိုင်က ပြောသည်။

လိုင်စင်ပေးသည့် ကမ်းထောင်ပိုက် အမျိုးအစားမှာ အငယ်ဆုံး ပိုက်ကွက် ၂ လက်မဖြင့် တစ်ခါဖမ်း တစ်ခါ ပြန်ဖြုတ် သည့် စနစ်ဖြစ်ပြီး ယခု တွေ့ရှိဖြုတ်သိမ်း ခဲ့ပိုက်များမှာ ၁ လက်မပိုက်ကွက်၊ ၅ မူး ပိုက်ကွက်စိပ်များ ဖြစ်ပြီး အောက်ခြေတွင် ငုတ်တိုင်များဖြင့် အသေထောင်ထား သည့် ကမ်းထောင်ပိုက်များ ဖြစ်နေ ကြောင်း ဦးတင်ဝင်းနိုင်က ပြောသည်။

“အခုမှ ကျွန်တော်တို့က သွားကြည့် တော့ အခုမှ ဖြစ်စဉ်ကို တွေ့တော့ ကျွန်တော်တို့အနေနဲ့ ခွင့်ပြုလို့ မရဘူး။ ငါးမျိုးတုံးတယ်ပေါ့နော်”ဟု ဦးတင်ဝင်းနိုင်က ပြောသည်။

ဖြုတ်သိမ်းရာတွင် ပိုက်ထောင်ထား သည့် ပိုင်ရှင်များကို မတွေ့ရသဖြင့် ပိုင်ရှင်မဲ့ သတ်မှတ်ကာ ယင်းပိုက်များကို သိမ်းဆည်းခဲ့ပြီး မီးရှို့ဖျက်ဆီးခွင့်ပြုရန် ရုံးချုပ်သို့ တင်ပြထားကြောင်း ၎င်းက ပြောသည်။

ထိုသို့သော ကမ်းထောင်ပိုက်များ မှာ ဘုတ်ပြင်းမြို့နယ် ကမ်းရိုးတန်း တစ်လျှောက် များစွာရှိနေပြီး ၎င်းကမ်း ထောင်ပိုက်များကြောင့် ငါးသားပေါက် များစွာ သေဆုံးနေခြင်း၊ လှေလုပ်သားများ ငါးအမိအရ နည်ပါးလာခြင်း၊ ပိုက်မျှောရန် နေရာနည်းပါးလာခြင်းတို့ ဖြစ်ပေါ်နေကြေင်း ယင်းကမ်းရိုးတန်းတစ်လျှောက်ငါးဖမ်းနေသည့် ရေလုပ်သား အချို့ကပြောဆိုလာကြသည်။

ကမ်းနမူးပြေးဟုခေါ်သည့် ပင်လယ် ကမ်းထောင်ပိုက်များကို ကမ်းရိုးတန်း တစ်လျှောက် ထောင်ထားကြပြီး တစ်ခုလျှင် ပေ ၂ ထောင်ခန့် အရှည်ရှိကာ ဘုတ်ပြင်း မြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စုနှင့် ကမာချောင်းကျေးရွာအုပ်စု ကမ်းရိုးတန်း တစ်လျှောက်တွင် ၃၅ ခုခန့် ရှိကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ ပြောဆိုလာမှုကို တနင်္သာရီ အပတ်စဉ်တွင် သတင်းဖော်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက တရားမဝင်ကမ်းထောင်ပိုက်များဖြစ်ပါ က ဖြုတ်သိမ်းခိုင်းမည်ဟု ပြောဆိုခဲ့သည်။

ယင်းသို့ ပြောဆိုပြီး ၂ ပတ်ခန့် အကြာတွင် ယခုကဲ့သို့ တရားမဝင်ကမ်း ထောင်ပိုက် ပေသုံးထောင်ခန့်ကို ဖြုတ် သိမ်းခဲ့ခြင်း ဖြစ်သည်။

“ကမ်းထောင်ပိုက်တွေ အရှည်ကြီး အများကြီးကျန်သေးတယ်” ဟု ဘုတ်ပြင်း မြို့မှ ရေလုပ်သားတစ်ဦးက ပြောသည်။

အကယ်၍ ယင်းသို့သော ကမ်းထောင် ပိုက်များ ထောင်ထားသည့်နေရာကို သိရှိ ပါက ငါးလုပ်ငန်းဦးစီးဌာနသို့ ရေလုပ် သားများအနေဖြင့် အချိန်မရွေး အကြောင်း ကြားနိုင်ပြီး အရေးယူဆောင်ရွက်ရန် အသင့်ရှိကြောင်းဘုတ်ပြင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးစံမွှေးက ပြောသည်။

Dawei Watch