မြိတ်လျှပ်စစ် ဗို့အားမှန်၊ ဝန်ဆောင်မှု ကောင်းပြီး ဈေးသက်သာစေရမည်ဟု တင်ဒါအောင်ကုမ္ပဏီအာမခံ

0
1615

မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ဆောင်မှုကောင်း ပြီး ဗို့အားမှန်စေရမည်ဟု တင်ဒါ အောင် မြင်ထားသည့် Petro & Trans ကုမ္ပဏီ ၏ ဒါရိုက်တာက အာမခံပြော ဆိုသည်။

၎င်းအပြင် ဈေးလည်းအနည်းဆုံး ဖြစ်စေရမည်ဟု Petro & Trans ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောသည်။

လျှပ်စစ်မီတာခ ဈေးနှုန်းကြီးမြင့်စွာ ပေးဆောင်နေရသည့် မြိတ်မြို့နယ် အတွင်းရှိ မီးသုံးသူများကို ဦးဇော်မင်းဦး က အထက်ပါအတိုင်း အာမခံပြောဆို ခြင်းဖြစ်သည်။

Petro & Trans ကုမ္ပဏီအနေဖြင့် မြိတ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ် ငန်းအတွက် တင်ဒါအောင်မြင်ထားပြီး တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် ဖြန့်ဖြူးမည်ဖြစ်သည်။

“သက်သာတဲ့ဈေးနှုန်းဖြစ်အောင် ဆောင်ရွက်ပေးမယ်။ ဈေးသက်သာရမယ်။ လုံလုံလောက်လောက် ရရမယ်။ ဗို့အားပြည့်မီရမယ်။ ဝန်ဆောင်မှုကောင်း မွန်ရမယ်”ဟု ဦးဇော်မင်းဦးက ပြောသည်။

တိုင်းအစိုးရအဖွဲ့၏ လျှပ်စစ်တင်ဒါ စည်းမျဉ်းတွင် ကုမ္ပဏီအနေဖြင့် လျှပ်စစ် စတင်ထုတ်လုပ်ချိန်မှ အချိန်သုံးလအထိ တင်ဒါအောင်မြင်ထားသည့် ဈေးနှုန်းအတိုင်းဖြန့်ဖြူးပေးရမည်ဟု ဖော်ပြထား သည်။

ယင်းကာလနောက်ပိုင်းတွင် လောင်စာ ဈေးနှုန်းနှင့် ဒေါ်လာဈေးအတက်အကျ အပေါ် မူတည်ကာ တိုင်းအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သုံးလ တစ်ကြိမ် ယူနစ်ဈေးနှုန်းပြင်ဆင်သတ်မှတ်နိုင် သည်။

ကုမ္ပဏီအနေဖြင့် မြိတ်လျှပ်စစ် လုပ်ကိုင်ချိန်တွင် HFO ဈေးနှုန်း၊ ဒေါ်လာ ဈေးနှုန်း အချိန်ကာလတစ်ခုအထိ ထိုးတက်သည့် အခြေအနေရောက်မှသာ ဈေးနှုန်း အပြောင်းအလဲဖြစ်လာနိုင်ကြောင်း ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောသည်။

HFO ဈေးနှုန်း၊ ဒေါ်လာဈေးနှုန်း အပေါ်မူတည်၍ ထုတ်လုပ်မှုစရိတ်မြင့် တက်လာခြင်းကြောင့် ဈေးနှုန်းအပြောင်း အလဲဖြစ်လာနိုင်သော်လည်း ဖြန့်ဖြူးမှု စရိတ်ကို အပြောင်းအလဲပြုလုပ်မည် မဟုတ်ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီ၏ လုပ်ကိုင်ခွင့်သက်တမ်း မှာ အချိန်ငါးနှစ်ဖြစ်သည့်အတွက် HFO ဈေးတက်သည့်ဒဏ် မခံရစေရန် ငါးနှစ်စာ အတွက် ကြိုတင်ငွေပေးချေဝယ်ယူထား ရန်လည်း စဉ်းစားနေကြောင်း ၎င်းက ပြောသည်။

ဒေါ်လာဈေးနှင့် ကမ္ဘာ့လောင်စာ ဈေးနှုန်း အဆမတန်မြင့်တက်သွားသည့် အတွက် လျှပ်စစ်ယူနစ်ဈေး မဖြစ်မနေ တိုးကောက် ရမည်ဆိုပါက တိုင်းအစိုးရထံ တင်ပြသကဲ့သို့ မီးသုံးသူများကိုလည်း ပွင့်လင်းစွာပြောဆိုဆွေးနွေးမည်ဖြစ်ကြောင်း ဦးဇော်မင်းဦးက ဆိုသည်။

HFO လောင်စာအသုံးပြုပြီး လျှပ်စစ် ထုတ်မည်ဖြစ်သည့်အတွက် စာချုပ်ချုပ် ဆိုသည့်နေ့မှ ရက်ပေါင်း ၁၈၀ ထက် နောက်မကျစေဘဲ ဓာတ်အားထုတ်လုပ် ပေးရမည်ဖြစ်သည်။

Petro & Trans ကုမ္ပဏီအနေဖြင့် အဆိုပါ သတ်မှတ်ကာလအတွင်း လျှပ် စစ်ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး HFO လောင်စာသုံး အင်ဂျင်စက်ကို မြိတ် မြို့နှင့် သုံးမိုင်ခန့်အကွာတွင် တည်ဆောက် နိုင်ရေး မြေနေရာဝယ်ယူရန် စီစဉ်နေကြောင်း ဦးဇော်မင်းဦးက ဆိုသည်။

ဂျာမနီနိုင်ငံလုပ် အင်ဂျင်စက်အသစ်များ တပ်ဆင်မည်ဖြစ်ပြီး ၂ မဂ္ဂါဝပ် အင်ဂျင်စက် ၁၂ လုံး တပ်ဆင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြိတ်မြို့နယ်၏ အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ ၁၀ မဂ္ဂါဝပ်ခန့်သာ ရှိကြောင်း သိရသည်။

တင်ဒါအောင်ထားသည့် ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် စာချုပ်မူကြမ်းရေး ဆွဲနေပြီး လာမည့်အပတ်တွင် တိုင်းအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ ဦးဇော်မင်းဦးက ဆိုသည်။

စာချုပ်မူကြမ်းကို တိုင်းအစိုးရ စိစစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ဆက်လက်ပေးပို့ရမည် ဖြစ်သည်။

မြိတ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းနှင့်ပတ်သက်၍ ကြားကာလတွင် ဆက်လက်လုပ်ကိုင်ပေးထားရန် Petro & Trans ကုမ္ပဏီက စာပို့ မေတ္တာရပ်ခံ ထားကြောင်း လက်ရှိ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းလုပ်ကိုင်နေသည့် မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီ၏ ဒုတိယ စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။

“အလွှဲအပြောင်းကိစ္စနဲ့ပတ်သက် ပြီး အစိုးရဘက်ကနေ ဘာမှမလာသေးဘူး။ တင်ဒါအောင်ကုမ္ပဏီဘက်က လုပ်ငန်း စတင်မယ့်ကာလအထိကို လျှပ်စစ်ကို ဆက်လက်ပေးထားပေးပါလို့ မေတ္တာရပ်တဲ့စာမျိုးတစ်စောင်တော့ လာတယ်”ဟု ဦးမျိုးအောင်က ပြောသည်။

ကြားကာလတွင် ဆက်လက်လုပ် ကိုင်ရန်အတွက် အင်ဂျင်များကို ဆက်လက် ငှားရမ်းရမည်ဖြစ်သည့်အတွက် အချိန် အတိအကျကို သိရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“အင်ဂျင်စက်ငှားရမ်းတဲ့အပိုင်းက အရပ်မှာငှားရမ်းသလို ဒီအတိုင်းလုပ် လို့မရဘူး။ ဥပမာ ခြောက်လလား တစ် နှစ်လား စသည်ဖြင့်ချုပ်ရတာကိုး။ အခု ဆိုရင် ဒီဇင်ဘာလဆိုရင် စက်ငှားရမ်း ထားတဲ့ စာချုပ်သက်တမ်းကကုန်ပြီ။ ဒီတော့ နောက်ခြောက်လဆိုရင် ခြောက်လ ခုနစ်လဆိုလည်း ခုနစ်လဆိုတာ အစိုးရအဖွဲ့က ပြောရမယ်”ဟု ဦးမျိုးအောင်က ပြောသည်။

၎င်းအပြင် ကုမ္ပဏီအလွှဲအပြောင်းတွင် လက်ရှိလုပ်ကိုင်နေသည့် မီးလင်းရေးဝန်ထမ်း နှစ်ရာကျော်၏ အလုပ်အကိုင် အတွက် စိုးရိမ်မိသည်ဟု ၎င်းက ပြော သည်။

ယင်းဝန်ထမ်းများကို ယခင်မီးလင်းရေးအဖွဲ့များထံမှ လုပ်ငန်းလွှဲပြောင်းခဲ့ချိန်က ပြန်လည်ခန့်ပေးထားကြောင်း ဦးမျိုးအောင်က ဆိုသည်။

လက်ရှိတွင် မြိတ်တွင် လျှပ်စစ် တစ်ယူနစ်ကို ၄၂၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူး လျှက်ရှိသည်။

တင်ဒါအောင်ထားသည့် ကုမ္ပဏီအနေဖြင့် ဈေးမှန်၊ ဗို့အားကောင်းပြီး ဝန်ဆောင်မှုလည်းကောင်းမွန်မည်ဆိုပါက အတိုင်းအထက်အလွန်ကြိုဆို ကြောင်း ထားဝယ်ကမ်းရပ်ကွက်နေတွင်ခုံလုပ်ငန်းရှင် ကိုနေလင်းဦးက ပြောသည်။

“ပေးထားတဲ့ကတိအတိုင်း တည်ဖို့လိုတယ်။ ၂၉၂ ကျပ်နဲ့ ပေးပြီး မီးမမှန်တာ မျိုးဖြစ်မယ်ဆိုရင် လုပ်ငန်းမှာ ဒုက္ခရောက်မယ်”ဟု ကိုနေလင်းဦးက ဆိုသည်။

Dawei Watch