တနင်္သာရီရိုးမတွင် ဆင်သွားကောက်ခြင်း

0
2223

အလုပ်ကိစ္စတွေပြီးလို့ တနင်္သာရီ မြို့ကနေ မပြန်ခင် တနင်္သာရီရိုးမထဲက ရွာတစ်ရွာဖြစ်တဲ့ သင်္ဘောဦးရွာရောက် နေတုန်းမှာ ရွာက ဦးငြိမ်းချမ်း မွေးထား တဲ့ ဆင်မကြီးကို သွားကြည့်ဖို့ တွေးထား တယ်။ ဆင်မကြီးက ဆင်ပေါက်ကလေး လည်း မွေးထားသေးတယ်။ ဆင်သား ပေါက်လေးက ငါးလသားလောက် ရှိပြီ တဲ့။ ဆင်ထားတဲ့နေရာက သ‌င်္ဘောဦးရွာရဲ့ တစ်ဖက်ကမ်းမှာ။ မနက်ပိုင်းဆို တစ်ဖက် ကမ်းက‌ တောထဲကို ဦးငြိမ်းချမ်းနဲ့ အဖော်တစ်ယောက်နဲ့ သွားပြီး ဆင်မကြီး နဲ့ ဆင်ပေါက်က‌လေးကို တောထဲ လွှတ်ပေးထားတယ်။

ညနေဆို ဆင်သွားပြန် ကောက်တတ်တယ်။

ဒီလိုနဲ့ တစ်ညနေ သင်္ဘောဦးရွာ ရေဆိပ်ဆင်းလမ်း မြေထိန်းနံရံ ကွန်ကရစ် လောင်းနေတာကို ကျွန်တော်တို့ ကြည့်နေ တုန်း ဦးငြိမ်းချမ်းက ကမ်းနားဆင်းလာတယ်။

ဆင်သွားပြန်ကောက်မလို့တဲ့။ ကျွန်‌တော်ကလည်း သူ့ဆင်မကြီးကို တစ်ခါလောက် လိုက်ကြည့်ဦးမယ် ပြော ထားတော့ သူကလည်း ကိုယ်လိုက်မှာကို မျှော်နေတယ်။

ကိုယဉ်စိုးပိုက်နဲ့ ကိုငြိမ်း သူကျော်ကပါ လိုက်မယ်ဆိုတော့ ကိုယ့် မှာ အဖော်ရှိပြီဆိုပြီး လိုက်သွားမိတယ်။ ရွာကနေ မြစ်အတိုင်း အပေါ်ဘက်ကို ငါးမိနစ်လောက်ပဲ စက်လှေ မောင်းလိုက် ရတယ်။

ဦးငြိမ်းချမ်းက လှေပေါ်ကနေ ဆင်းပြီး လှေကြိုးကို သစ်ပင်မှာ ချည်လိုက်ပြီး သူက အရှေ့က သွားတယ်။ ပြီးတော့ ကိုငြိမ်းသူကျော်၊ ပြီးတော့ ကိုယဉ်စိုးပိုက်။ ကျွန်တော်က နောက်ဆုံးကနေ လိုက်တယ်။ ကျွန်တော့်အနောက်မှာက ဦးငြိမ်းချမ်းနဲ့ အမြဲသွားနေကျ ဆင်ထိန်းတစ်ယောက် ပါလာတယ်။ သစ်ရွက်‌ဆွေး‌တွေ၊ သစ်ကိုင်း စ‌တွေ၊ ကျောက်တုံးတွေ၊ အမှိုက်တွေ ပြည့်နေတဲ့ ခြေသလုံးလောက်ရှိတဲ့ ‌ရေထွက် စမ်းချောင်းလေးအတိုင်း ဆယ်မိနစ် လောက် လမ်းလျှောက်အပြီးမှာ တောင်ကုန်း တစ်ခုနားကို ရောက်သွားတယ်။ တောင် ကုန်းနဲ့ စမ်းချောင်းအစပ်နားမှာ ဆင်ခြေ ရာတွေ၊ ဆင်ချေးပုံအကြီးကြီးတွေ တွေ့လိုက် ရတယ်။

တောင်ကုန်းရဲ့ တစ်ဖက် ဝါးရုံတော ဘက်က‌နေ တဟင်းဟင်း မြည်နေတဲ့ ဝမ်းခေါင်းသံကြီးတစ်ခုနဲ့ ဝါးရွက်တွေ၊ ဝါးလုံးတွေကို တဂျွမ်းဂျွမ်းနင်းမိနေတဲ့ အသံတွေကို ကြားလိုက်ရတယ်။ ဦးငြိမ်းချမ်း က တောင်ကုန်းပေါ်ကို အရင်တက်သွား ပြီး သူ့ဆင်နှစ်ကောင်ကို အသံပေးတယ်။ ကျွန်တော့်နောက်ကနေ လိုက်လာတဲ့ ဆင်ထိန်းက ဖြတ်လမ်းကနေ တက်သွား တယ် ထင်တယ်။ သူက တောင်ကုန်းပေါ် ကို အရင်ရောက်နေတယ်။ ကျွန်တော်တို့ လည်း တောင်ကုန်းပေါ်ကို တက်လိုက် သွားတယ်။ ကိုယဉ်စိုးပိုက်က ဝါးကိုင်း တစ်ကိုင်း ကောက်ကိုင်ပြီး ကျွန်‌တော့်ကို လည်း တစ်ချောင်းပေးတယ်။ ဘာရယ် မဟုတ် လက်ထဲ ကိုင်ထားမိလိုက်တယ်။ ဝါးရုံတောထဲမှာက မည်းမည်းအရိပ်နှစ်ခုကို တွေ့နေရတယ်။

ကျွန်‌တော်တို့ သူစိမ်းတွေပဲ ပါလာ လို့လား မသိ။ ဆင်ပေါက်ကလေးက အနားကပ်မခံဘဲ တကျီကျီအော်ပြီး သူ့ အမေနားအတင်းကပ်သွားတယ်။ ဆင်မကြီး က ကျွန်တော်တို့ဘက်ကို မျက်နှာမူရင်း ဝါးရုံတောထဲကနေ ထွက်လာတယ်။ သစ်ကိုင်းတွေကို နင်းမိတဲ့အသံ၊ ဝါးရုံကို သူ့ကိုယ်လုံးကြီးနဲ့ ပွတ်တိုက်မိတဲ့အသံ တွေက ဆူညံလို့။ ဘယ်ချည်တိုင်နဲ့မှလည်း မချည်ထား။ တောထဲမှာ သူတို့ သဘာ၀ အတိုင်း လွတ်လွတ်လပ်လပ် အစာရှာ ကျက်စားနေကြတာ။

ကျွန်‌တော့်မှာက တော်တော်ကို ကြောက်နေပြီ။ ကြောက်ပြီး တော့ တောင်ကုန်းပေါ်ကနေ ရေထွက်စမ်း ချောင်းအစပ်ကို ပြန်ဆင်းသွားမိတယ်။ ကျွန်တော့်နောက်က ကိုယဉ်စိုးပိုက်နဲ့ ကိုငြိမ်းသူကျော်ကလည်း လိုက်ပြီးတော့ ဆင်းလာတယ်။

စမ်းချောင်းအစပ်က ‌ခြေရာတွေ၊ ချေးပုံတွေကို ကြည့်ပြီးတော့လည်း တစ်ခါ ကြောက်မိပြန်။

ဒီစမ်းချောင်းက သူတို့ ရေဆင်းသောက်နေကျ စမ်းချောင်းလား မသိ။ တော်ကြာ သူတို့ ရေသောက်ချင်လို့ တောင်ကုန်းပေါ်ကနေ ဆင်းလာရင် ကိုယ်က ဘယ်ကို ‌ပြေးရမယ် မသိ။ ဘေး နှစ်ဖက်မှာကလည်း ကမ်းပါးအမြင့်ကြီး နှစ်ခုပဲရှိ။ သစ်ပင်တွေကြား အတင်းတိုး ပြီး ပြေးမှပဲရမယ်လို့ တွေးမိပြီး သွေးအတော် ပျက်နေပြီ။ ဦးငြိမ်းချမ်းနဲ့ သူ့ဆင်ထိန်းနဲ့ သူတို့နှစ်ယောက် ဆင်တွေကို ကရင်လို အော်ခေါ်နေတဲ့အသံတွေ၊ ‌ခြောက်နေတဲ့ အသံတွေကလည်း တစ်တောလုံး ညံလို့။

ခဏကြာတော့ ဦးငြိမ်းချမ်းအသံ ထွက်လာတယ်။

“ဝေး ဆရာတို့ရေ ဘာမှ မဖြစ်တော့ ဘူး။ တက်လာလို့ရပြီ ဆရာဝေး”ဆိုတဲ့ အသံကြားလိုက်ရတယ်။

ကိုယ့်မှာက လန့်နေတာ နေစရာ မရှိတော့။ ငါကိုက ရှည်ပြီး လိုက်လာမိတာ လို့ ဆိုပြီးတော့လည်း ကိုယ့်ဘာသာ အပြစ်ပြန်တင်။ လှေဆီ ပြန်ပြေးသွားရင် ကောင်းမလားလို့လည်း တွေးမိနေပြီ။ ဦးငြိမ်းချမ်း အသံကြားပေမယ့် ကိုယ့်မှာ တောင်ကုန်းပေါ် ပြန်တက်သွားဖို့လည်း မရဲ။ ဒါပေမယ့် ကိုငြိမ်းနဲ့ ကိုယဉ်စိုးပိုက် တို့ နှစ်ယောက် အပေါ်ကို ပြန်တက်လိုက် သွားတော့ ကျွန်တော်လည်း အောက်မှာ တစ်ယောက်တည်း ကျန်မနေရဲတာနဲ့ အပေါ်ကို ပြန်တက်လိုက်သွားရတယ်။

စောစောက ကျွန်တော်တို့ ရပ်နေခဲ့ တဲ့ တောင်ကုန်းနေရာက အပင်တွေက အခုတော့ ရှင်းလို့။ ဆင်သွားရင် လမ်းဖြစ် တယ်ဆိုတဲ့ စကားက တကယ်မှန်တယ်။ လှမ်းကြည့်လိုက်တော့ ဆင်ထိန်းက ဆင်မကြီးရဲ့ အပေါ်မှာ ရောက်နေပြီ။ ဆင်ပေါက်ကလေး ကတော့ သူသွားတဲ့ လမ်းနံဘေးက ဟိုအပင်ဒီအပင်တွေကို လိုက်ဆွဲပြီး စား‌‌သောက်ရင်းသူ့အမေ နားကနေ ကပ်ပြီး လိုက်နေတယ်။

ဆင်မကြီးရဲ့ ‌ခြေထောက်မှာ ချည် ထားတဲ့ ပေနှစ်ဆယ်လောက်ရှိတဲ့ သံကြိုး က မြေကြီးမှာ တရွက်တိုက်ဆွဲပြီး တရှဲရှဲ အသံမြည်ရင်း အနောက်ကနေ ပါနေတယ်။ ဦးငြိမ်းချမ်းကတော့ ဆင်မကြီး နောက် ကနေ လိုက်ရင်း သံကြိုးနဲ့ အပင်တွေနဲ့ ငြိမနေအောင် လိုက်ရှင်းပေးနေတယ်။ ကျွန်တော်တို့ကတော့ သံကြိုးအဆုံး နောက်ကနေပဲ လိုက်ရင်း ဆင်သားအမိကို ဓာတ်ပုံရိုက်နေမိတယ်။

ဦးငြိမ်းချမ်းက ကျွန်တော်တို့ကို လှမ်းခေါ်တယ်။ “အနားကပ်ပြီး ရိုက်လို့ ရတယ်ဆရာဝေး”တဲ့။ ဆင်သားအမိက လှုပ်တုတ်လှုပ်တုတ်နဲ့ တောင်ကမ်းပါးယံ အတိုင်း တရွေ့ရွေ့ အပေါ်ကို တက်နေတယ်။ သူတို့အပေါ်ကို ရောက်သွားတဲ့အချိန်မှာ ဦးငြိမ်းချမ်းက တောင်အလယ်လောက်မှာ ရှိတဲ့ သစ်ငုတ်တစ်ခုမှာ ဆင်မကြီး‌‌ခြေထောက် က သံကြိုးကို ချည်လိုက်တယ်။ ဆင်ထိန်း က ဆင်မကြီးကို ဝပ်ချဖို့ အော်ရင်း အောက်ကို ခုန်ချပြီး ဆင်းလာတယ်။ ဆင်သားအမိနှစ်ယောက်ကတော့ ဘေးနား က သစ်ရွက်တွေ၊ သစ်ကိုင်းတွေကို လိုက်ခူး ဆွဲပြီး ဝါးစားနေရင်း ဘာမှ မဖြစ်ခဲ့သလို မျိုးပဲ။

ဆင်ပေါက်ကလေးက သူ့အမေနား ကပ်ပြီး အစာစားနေရင်း ကျွန်တော်တို့ အနံ့ကိုရပြီးတော့ အနားကို ကပ်လာတယ်။ ကျွန်တော်တို့က ကြောက်ပြီးတော့ ကမ်းပါးပေါ်ကို တက်ပြေး၊ သူကလည်း နောက်ကနေ လိုက်၊ ဦးငြိမ်းချမ်းတို့ နှစ်ယောက်က သူ့ကို အော်ထုတ်ပစ်ရတယ်။

ဆင်မကြီးကလည်း တဟင်းဟင်းမြည် နေရင်း သူ့သားရှိတဲ့ဘက်ကို လိုက်လှည့် နေရင်း ကျွန်တော်တို့ကို လိုက်ကြည့်နေ တယ်။

“ဘယ်လိုလူတွေလည်း မသိဘူး၊ ကြောက်တတ်လိုက်တာလည်း လွန်ရော”လို့ တွေးနေမလားပဲ။ နောက်တော့ ဦးငြိမ်းချမ်းက သူ့လက်ထဲက ဆင်ချွန်း ချွန်ချွန်လေးနဲ့ နဖူးလေးကို ဖွဖွလေး ပေါက်လိုက်တော့ ကျီခနဲအော်ပြီး သူ့အမေ နား ပြန်ကပ်သွားတယ်။ ကျွန်တော်တို့နား ထပ်မလာတော့ဘူး။ ဒါပေမယ့် လက်ထဲ မှာ ကိုယဉ်စိုးပိုက်ပေးထားတဲ့ သစ်ကိုင်းနဲ့ ဝါးချုံတွေကို လိုက်ရိုက်နေရင်း သူ ကိုယ့် နားမလာရဲအောင် အသံပေးနေရသေးတယ်။

ဦးငြိမ်းချမ်းနဲ့ သူ့ဆင်ထိန်းက တောင်ကမ်းပါးပေါ်မှာ တက်ထိုင်နေရင်း ဆေးပေါ့လိပ်လေးထုတ်ပြီး အေးအေးလူ လူ ဖွာသောက်နေတယ်။ ကျွန်တော်တို့ တွေက သူတို့နှစ်ယောက်နောက်မှာ ထိုင် ရင်း ဘေးနားတစ်ဝိုက်က စိမ်းစိုနေတဲ့ တောင်တန်းတွေနဲ့ ဆင်နှစ်ကောင်ကိုပဲ ငေးကြည့်နေမိတယ်။ တောင်တန်းတွေ ကြားထဲမှာ အောက်ဘက်က တနင်္သာရီ မြစ်က မရှိခဲ့သလိုမျိုး ပျောက်နေတယ်။

ဒီနေရာ၊ ဒီတောတောင်တွေက တနင်္သာရီရိုးမရဲ့ အဓိက အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ရှိနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ WWF အဖွဲ့ အစည်းရဲ့ အစီရင်ခံစာတွေအရ ဒီတနင်္သာရီ ရိုးမနဲ့ ဆက်စပ်နေတဲ့ ဒေါန-တနင်္သာရီ တောင်တန်းဒေသတွေမှာ အရှေ့တောင် အာရှအတွင်းမှာ အကြီးဆုံးဖြစ်တဲ့ အပူ ပိုင်း စိုစွတ်သစ်တောတွေနဲ့ ရွက်ကြွေ သစ်တောတွေ အချင်းချင်းထိစပ်နေတဲ့ နေရာဒေသတွေအများကြီး ပါဝင်နေသေး တယ်လို့ သိရတယ်။ ၂၀၁၇ ခုနှစ်က ထုတ်ဝေတဲ့ WWF နှစ်စဉ်အစီရင်ခံစာမှာ ဒီဒေသရဲ့ ၈၃ ရာခိုင်နှုန်းလောက်ကို သစ်တောတွေက ဖုံးလွှမ်းထားသေးတယ် လို့ ဆိုတယ်။ ပြီးတော့ မတူညီတဲ့ ဇီ၀မျိုးကွဲတွေလည်း အများကြီး ရှိသေး တယ်လို့ ဖတ်လိုက်ရတယ်။ ဒီနေရာဒေသ က ဒီလိုဇီ၀မျိုးကွဲ တွေအပြင် ဒီနေရာမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့တဲ့ ကရင်တိုင်းရင်း သားလူမျိုးအများစုရဲ့ အိမ်ရာလို့လည်း ဆိုနိုင်သေးတယ်။ ဒီ‌ဒေသမှာ နှစ်ကာလများစွာ ဖြစ်ပွားလာ ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား ထဲမှာ ဒီတိုင်းရင်းသား လူမျိုးတွေက တနင်္သာရီရိုးမနဲ့ တနင်္သာရီ မြစ်မကြီးကို အမှီပြုပြီး အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်ရင်း ကြံ့ကြံ့ခိုင် အခြေချနေထိုင် လာခဲ့ကြတာပေါ့။

အခုတော့ တနင်္သာရီရိုးမထဲက ဒီရွာတွေက ဌာနေတိုင်းရင်သားတွေမှာ လည်း တနင်္သာရီမြစ်မကြီးအပေါ်ပိုင်းက ထားဝယ်ဘက်ပိုင်းမှာ အကောင်အထည် ဖော်မယ့် ရေအားလျှပ်စစ် ဆည်ဆောက် မယ့် စီမံကိန်းကြောင့် ကိုယ်စီကိုယ်စီ စိုးရိမ်မှုတွေနဲ့ ပြည့်‌နေကြပြီ။ ရွာတိုင်းမှာ “ရေကာတာအလိုမရှိ (No Dam)”ဆိုတဲ့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားပြီး သူတို့ ဒေသခံတိုင်းရင်းသားတွေရဲ့ ဆန္ဒကို ဖော်ထုတ်နေကြပြီ။
ဦးငြိမ်းချမ်းက သူ့ဆင်မကြီးကို ဒီ အတိုင်းပဲ မွေးထားတာ။ သစ်ဆွဲဖို့တွေ ခိုင်းစားဖို့လည်း မဟုတ်ဘူး။ ခွေးတွေ၊ ကြောင်တွေကို ချစ်လို့ မွေးထားသလိုမျိုး ပေါ့။

“ကျွန်တော်ကတော့ နိုင်သလောက် တော့ ဂရုစိုက်ပြီး မွေးထားတာပဲ ဆရာဝေး။ ကျွန်တော့်သားသမီးတွေ လက်ထက် ရောက်ရင်တော့ သူတို့ကံကြမ္မာ တစ်မျိုး တစ်ဖုံဖြစ်ရင် ဖြစ်မှာပေါ့”တဲ့။ သူ့လက်ထဲ က ဆေးပေါ့လိပ်က ဆေးလိပ်ပြာတွေကို ‌ခြွေချရင်း၊ ‌ဆေးလိပ်ငွေ့တွေကို အဝေးကို မှုတ်ထုတ်ပစ်ရင်း မြန်မာလို လေးလေး ပင်ပင်ပြောပြတယ်။

ကျွန်တော်လည်း ဆင်သားအမိနှစ်ကောင်နဲ့ တောင်တန်း တွေတစ်လျှောက် လွင့်သွားတဲ့ မီးခိုးငွေ့တွေ ကိုပဲ လိုက်ကြည့်ရင်း ဘာမှလည်း ပြန်မ ပြောနိုင်ဘဲ ငြိမ်နေလိုက်တယ်။

အခုလို မတူညီတဲ့ ဇီ၀မျိုးကွဲတွေတစ်ခုစီတိုင်းအတွက်ရော၊ ပူလောင်နေတဲ့ ကမ္ဘာကြီးကို ပြန်လည်ကုစားပေးနိုင်မယ့် တောအုပ်တွေအတွက်ရော၊ ဦးငြိမ်းချမ်း တို့လို ဌာနေတိုင်းရင်းသားတွေအတွက် ရော ကိုယ့်အိမ်ကိုယ့်ယာနှစ်ခုအနေနဲ့ တနင်္သာရီရိုးမဒေသက မရှိမဖြစ် အရေး ပါတယ်ဆိုတာ ကျွန်တော်တို့အားလုံး ကျယ်ကျယ်ပြန့်ပြန့် နားလည်ကြဖို့ လိုအပ်ပါတယ်။

ဆင်တွေကိုပဲ ငေးကြည့်နေကြရင်း ခဏနေတော့ ကျွန်တော်တို့ အားလုံး တောင်ကမ်းပါးပေါ်ကနေ ဆင်းပြီး လှေဆီ ပြန်လာခဲ့ကြတယ်။ အနောက်ဘက် မှာတော့ ဆင်သားအမိနှစ်ကောင်က တောအုပ်ထဲကို တဖြည်းဖြည်းတိုးဝင်ရင်း ပျောက်ကွယ်သွား‌တော့တယ်။

မိုးရဲ