ထားဝယ်ဆေးရုံကြီးတွင် ဒီဇင်ဘာလလယ်ပိုင်းမှစတင်ကာ ကျောက်ကပ် ဆေးနိုင်တော့မည်

0
1068

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် လာမည့်ဒီဇင်ဘာလ လလယ်ပိုင်းမှ စတင်ကာ ကျောက်ကပ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ထံမှ သိရသည်။


လက်ရှိတွင် ပြည်ထောင်စုဘတ်ဂျက် ဖြင့် ဝယ်ယူထားသည့် ကျောက်ကပ်ဆေးစက်အသစ် နှစ်လုံးကို တပ်ဆင်နေပြီး ဒီဇင်ဘာလလယ်ပိုင်းတွင် စတင်ဆေးပေး နိုင်ရန် မျှော်မှန်းထားကြောင်း ထားဝယ် ဆေးရုံအုပ်ကြီးဒေါက်တာမျိုးမင်းက ဆိုသည်။


စက်တပ်ဆင်ပြီးစီးပါက လက်ရှိ ကျောက်ကပ်ဆေးနေသည့် လူနာအဟောင်း များကိုသာ လက်ခံဆေးပေးမည်ဖြစ်ပြီး လူနာအသစ်များကိုမူ လက်ခံမည်မဟုတ် ကြောင်း ၄င်းက ပြောသည်။


ကျောက်ကပ်ဆေးပါက လူနာ၏ လည်ပင်းတွင် အပေါက်ဖောက်ရပြီး ယင်း ကဲ့သို့ဖောက်ရာတွင် သွေးကြောဘက် ဆိုင်ရာ ဆရာဝန်ကြီးများသာ ပိုက်ထည့် နိုင်သည့်အတွက် လူနာအဟောင်းများ ကိုသာ ဆေးပေးခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးမင်းက ရှင်းပြသည်။


“လူနာအသစ်ဆိုရင် ပိုက်ထည့်ဖို့ အခက်အခဲရှိလို့၊ တော်ရုံတန်ရုံမရဘူး” ဟု ဒေါက်တာမျိုးမင်းက ပြောသည်။


ကျောက်ကပ်ဆေးရာတွင် လူနာရှင် အနေဖြင့် ကျောက်ကပ်ဆေးရမည့် ဆေး ရည်၊ ကျောက်ကပ်တု၊ ပိုက် အစရှိသည့် ငွေကျပ် သုံးသောင်းမှ လေးသောင်းကြား တန်ဖိုးရှိ ကျောက်ကပ်ဆေးသည့်ပစ္စည်း များ ဝယ်ပေးရမည်ဖြစ်ပြီး ဝန်ဆောင် မှုအခမဲ့ဖြင့် ဆေးပေးမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။


လက်ရှိတွင် ကျောက်ကပ်ပျက်စီး နေသည့် လူနာများအနေဖြင့် အခြားတိုင်း နှင့် ပြည်နယ် ဆေးရုံအချို့နှင့် ပုဂ္ဂလိက ဆေးရုံအချို့သို့ သွားရောက်ကုသ (ကျောက်ကပ်ဆေး) နေရသည်။


ကျောက်ကပ်ဆေးလိုပါက ဖုန်း ဝ၉၉၆၂၅၅၆၁၄၁ ထံ ဆက်သွယ်နိုင်ပြီး ထားဝယ်ဒေသတွင် နေထိုင်သူ၊ ဆင်းရဲ နွမ်းပါးသူ စသဖြင့် သတ်မှတ်ချက် များနှင့် ကိုက်ညီသူကို ဦးစားပေးဆေးပေး မည်ဖြစ်ကြောင်း ထားဝယ်ပြည်သူ့ဆေးရုံ ကြီး၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။


ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူ များတွင် အများဆုံးကျောက်ကပ်ပျက်စီးလေ့ရှိပြီး ကျောက်ကပ်ဆေးရာတွင် လူနာတစ်ဦးလျှင် အချိန်ငါးနာရီခန့် ကြာမြင့်လေ့ရှိကြောင်း ဆေးရုံအုပ်ကြီး ထံမှ သိရသည်။