ထားဝယ် အထက ၁ ကျောင်းဝင်းရှိ အဆောင်ပြန်ရရေး တိုင်းအစိုးရထံ တင်ပြမည်

0
1206

ထားဝယ်မြို့ အထက ၁ ကျောင်းဝင်း အတွင်းရှိ အဆောင်အမှတ် ၇ ကို ကျောင်း စီမံခန့်ခွဲမှုအောက်ပြန်ရောက်စေရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း ယင်းကျောင်းအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်မိုးသူက ပြောသည်။


လက်ရှိတွင် အထက်ပါ ကျောင်းဝင်း အတွင်းရှိ အဆောင်အမှတ် ၇ အပေါ် ထပ်တွင် တိုင်းပညာရေးမှူးရုံးမှ ဝန်ထမ်း များနေထိုင်ပြီး အောက်ထပ်တွင် စာစစ် လုပ်ငန်းအတွက် မေးခွန်းနှင့်အဖြေလွှာ ဘဏ်တိုက်အဖြစ် အသုံးပြုနေကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။


ယခုဘဏ္ဍာနှစ်တွင် အထက ၁ ကျောင်း၏ ပင်မကျောင်းဆောင်ကို သုံးထပ်ကျောင်းဆောင်အဖြစ် တည်ဆောက် မည်ဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။
ထိုကြောင့် အဆောင်အမှတ် ၇ တွင် ပင်မကျောင်းဆောင်မှ ကျောင်းသားများ အတွက် စာသင်ခန်းအဖြစ် အသုံးပြု နိုင်ရန် ကျောင်းစီမံခန့်ခွဲမှုအောက်သို့ ပြန်လည်ရရှိလိုကြောင်း ဦးအောင်မိုးသူ က ဆိုသည်။


အဆောင်အမှတ် ၇ ကို ကျောင်းစီမံ ခန့်ခွဲမှုအောက် ပြန်လည်ရရှိစေရန် ကျောင်း အကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ဟောင်းများ ၊ မြို့မိမြို့ဖများ စုစုပေါင်း ၄၂ ဦး လက်မှတ်ထိုးကာ ယခုနှစ် ဇူလိုင်လ က တိုင်းပညာရေးမှူးထံ တင်ပြခဲ့ကြောင်း ၄င်းက ပြောသည်။


သို့ရာတွင် ၂၀၁၂ ခုနှစ်က လာရောက် ခဲ့သည့် အမှတ် ၁ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒေသခံမဟုတ် သည့် တိုင်းပညာရေးရုံးဝန်ထမ်းများ နေထိုင်နိုင်ရန် လမ်းညွှန်ပေးခဲ့ပြီး အကြီးစား ပြင်ဆင်မှုများ လုပ်ဆောင်ထားကာ အောက်ထပ်တွင် မေးခွန်းနှင့် အဖြေလွှာ များထားနိုင်မည့် ဘဏ်တိုက်တည် ဆောက်ထားသည့် အတွက် ကျောင်းစီမံ ခန့်ခွဲမှုအောက်သို့ ပြန်လွှဲပေးရန် အစီ အစဉ်မရှိကြောင်း တိုင်းပညာရေးမှူးက အကြောင်းပြန်ကြားခဲ့သည်ဟု ကျောင်း အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။


ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ကို အသိပေးရှင်းပြရန် တိုင်းပညာရေးမှူး က အထက ၁ ကျောင်းအုပ်ကြီးထံ ယခုနှစ် ဩဂုတ်လတွင် စာပို့အကြောင်း ပြန်ကြားခြင်းဖြစ်ကြောင်း ဦးအောင်မိုးသူ က ဆိုသည်။


ထိုကြောင့် ယင်းအဆောင်အား ကျောင်းစီမံခန့်ခွဲမှုအောက်သို့ ပြန်လည် ရရှိစေရန်အတွက် ဒီဇင်ဘာလတွင် ကျောင်း အကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား ဟောင်းများ စုပေါင်းလက်မှတ်ထိုးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ထပ်မံ တင်ပြမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။


“ဒီကျောင်းဆောင်ကိုတော့ ပြန်ရဖို့လိုအပ်နေတယ်ကျောင်းအတွက်။ ကိုယ့် အတွက်လည်းမဟုတ်ဘူး။ ကျောင်းသား လေးတွေ စာသင်ဖို့အတွက် အခက်အခဲ အများကြီးရှိတယ်” ဟု ဦးအောင်မိုးသူက ဆိုသည်။


တိုင်းအစိုးရထံ တင်ပြမှုအဆင်မပြေ ပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြသွားရန် ရည်ရွယ်ထား ကြောင်း ဦးအောင်မိုးသူက ပြောသည်။

Dawei Watch