သုံးရက်အတွင်း တရားမဝင် သစ်ခိုးမှု သုံးမှု ဖမ်းဆီး

0
416

တနင်္သာရီတိုင်းတွင် သုံးရက်တာ ကာလအတွင်း တရားမဝင်သစ်ခိုးမှု သုံးမှုကို ဖမ်းဆီးခဲ့ကြောင်း တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


အထက်ပါကာလအတွင်း သစ်ခိုးမှု သုံးခုမှ သစ်တန်ချိန် ၁၃ တန်ခန့် သိမ်း ဆည်းကာ သစ်တောဦးစီးဌာနထံ အပ်နှံခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


နိုဝင်ဘာလ ၂၄ ရက်က ကျွန်းစု မြို့နယ်၊ ကတန်ကျွန်းမြောက်ဘက်တွင် ရေပြင်တွင် သစ်ခိုးလှေတစ်စီးကို တပ်မတော် စစ်ရေယာဉ်က ဖမ်းဆီးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


အဆိုပါလှေပေါ်တွင် အမျိုးသား သုံးဦးနှင့်အတူ သစ်ခွဲသား ငါးတန်ကျော် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရသိရ သည်။


ယင်းနောက် နိုဝင်ဘာလ ၂၆ ရက် တွင် ရေဖြူမြို့နယ်ရှိ ရေး-ထားဝယ် ကားလမ်းတွင် ရဲတပ်ဖွဲ့က သတင်းအရ စောင့်ဆိုင်းနေစဉ် ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် ၆ ဘီးကားအား ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။


အဆိုပါကားပေါ်တွင် မွန်ပြည်နယ် နေ အမျိုးသား ၈ ဦး လိုက်ပါလာပြီး ကညင်သစ်နှင့် ကတွဒ်သစ်(စကွဲယာတုံး) စုစုပေါင်း နှစ်တန်ကျော် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ထိုနောက် နိုဝင်ဘာလ ၂၇ ရက် တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ် ကွက်ရှိ ကုန်သွယ်လယ်ယာဂိုဒေါင်များ ရှိသည့် ဝင်းအတွင်း အပြာရောင် ၁၂ ဘီးကားတစ်စီး ရပ်နားထားသည်ကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


အဆိုပါ ၁၂ ဘီးယာဉ်အား စစ်ဆေး ရာ ထားဝယ်မြို့နေ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသားနှစ်ဦးနှင့် ကားပေါ်တွင် ကတွဒ်သစ် (စကွဲယားတုံး) စုစုပေါင်း သစ်တန်ချိန် ငါးတန် ကျော် ဖမ်းမိကြောင်း ရဲမှတ်တမ်းအရ သိရသည်။


အထက်ပါအမှုများမှ ဖမ်းဆီးရမိသူ များကို သက်ဆိုင်ရာသစ်တောဥပဒေဖြင့် အသီးသီးအမှုဖွင့်ထားကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


Dawei Watch