ထားဝယ်ဆေးရုံကြီးရှိ ဆောက်လုပ်ဆဲ ငါးထပ်ဆောင် လာမည့်နှစ်ကုန်ပိုင်း စသုံးမည်

0
666

ထားဝယ်ဆေးရုံကြီးဝင်းအတွင်းရှိ ဆောက်လက်စ ငါးထပ်အဆောက်အအုံ ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း ထားဝယ် ဆေးရုံအုပ်ကြီးထံမှ သိရသည်။


ငါးထပ်အဆောက်အအုံ၏ မြေညီ ထပ်တွင် ဆေးဝါးဌာန၊ ဆေးမှတ်တမ်း ဌာန၊ အစည်းအဝေးခန်းမ အစရှိသည့် အထောက်အကူပြုဌာနများကို နေရာချ ထားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းက ဆိုသည်။


ပထမအထပ်နှင့် ဒုတိယအထပ်ကို သားဖွား/မီးယပ်အဆောင်အဖြစ် အသုံး ပြုမည်ဖြစ်ပြီး တတိယအထပ်နှင့် စတုတ္ထ အထပ်ကို ကလေးကုသဆောင်အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း ゞင်းက ပြောသည်။


လက်ရှိကလေးအဆောင်ဟု သတ်မှတ် ထားသည့် အဆောက်အအုံ(ရှေးဟောင်း အဆောက်အအုံ)တစ်ခုလုံးကို ဖျားနာ ဆောင်အဖြစ် ထားရှိမည်ဖြစ်ပြီး သား ဖွား/မီးယပ်အဆောင်နေရာကို အရိုး အဆောင်အဖြစ် ထားရှိမည်ဖြစ်ကြောင်း ဒေါက်တာမျိုးမင်းက ဆိုသည်။


"ပြီးတာနဲ့ ချက်ချင်းရွှေ့ရမှာပေါ့" ဟု ဒေါက်တာမျိုးမင်းက ပြောသည်။
အထက်ပါ ငါးထပ်အဆောက်အအုံ ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင် ဆောက်လုပ်ခဲ့သည်။


အဆောက်အအုံ စတင်ဆောက် လုပ်ချိန်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငွေကျပ် ၃၄၀ဝ သန်းသုံးစွဲပြီးဖြစ်ကာ အဆောက်အအုံ တစ်ခုလုံး၏ ၇၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ယင်းအဆောက် အအုံကို တာဝန်ယူတည်ဆောက် နေသည့် အဆောက်အဦး အထူးအဖွဲ့၁၆ မှ ဦးစီး အရာရှိ(မြို့ပြ) ကြီးကြပ်အင်ဂျင်နီယာ ဦးမြင့်ဦးက ဆိုသည်။


လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် အပြီးသတ်လုပ်ငန်းများအတွက် ငွေကျပ် ၁၀၅၉ သန်း သုံးစွဲရန်လျာထား ကြောင်း ၄င်းက ပြောသည်။


ယင်းအဆောက်အအုံကို ၂၀၂၀ ခုနှစ် စက်တင်ဘာလအပြီးဆောက်ရန် လုပ် ဆောင်နေပြီး ရိုးရိုးလှေကား သုံးစင်း အပြင် လူဦးရေ ၂၁ ဦးအထိ စီးနင်းနိုင် မည့် ဓာတ်လှေကားနှစ်စီး ပါဝင်မည်ဖြစ် ကာ မသန်စွမ်းများ အကျုံးဝင်အသုံးပြုနိုင် မည့် ဝှီးချဲလမ်းများ၊ အိမ်သာများပါ ထည့်သွင်းတည်ဆောက်ထားကြောင်း ၄င်းက ပြောသည်။


“ဒီဆေးရုံမှာတော့ မသန်စွမ်းတွေ အတွက်ကတော့ အပြည့်အဝနီးပါး လောက်ကို ဆောင်ရွက်ထားတယ်။ အိမ် သာခန်းသုံးတာက အစ အဆင်ပြေတယ်”ဟု ဦးမြင့်ဦးက ပြောသည်။


ငါးထပ်ဆောင် အဆောက်အအုံ တွင် လူနာကုတင် ၂၆၆ လုံး ဝင်ဆံ့မည် ဖြစ်ပြီး ခေါင်မိုးတွင် အစည်းအဝေးခန်း သို့မဟုတ် စားသောက်ခန်းအဖြစ် အသုံး ပြုနိုင်မည့် အခန်းများကိုလည်း ထည့်သွင်း တည်ဆောက်ထားကြောင်း စီမံကိန်း အချက်အလက်များအရ သိရသည်။