ပုံပြင်မဖြစ်ရင် ကောင်းတာပေါ့၊ မျှော်နေတဲ့သူတွေလည်း မောပြီလေ

0
764

မဟာဓာတ်အားလိုင်း ထားဝယ်ရောက်ရေး လုပ်ငန်းစ

တနင်္သာရီတိုင်းသားတို့ ခေတ် အဆက်ဆက်မျှော်ခဲ့ရသည့် မဟာဓာတ် အားလိုင်း ထားဝယ်သို့ ရောက်ရှိလာရေး နေပြည်တော်က လုပ်ငန်း စနေပြီဟုဆို နိုင်သည်။


မော်လမြိုင်-ရေး-ထားဝယ် ၁၈၀ မိုင်အား ၂၃၀ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရက တင်ဒါ ခေါ်ထား ပြီး ဖြစ်သည်။


၂၃၀/၆၆/၁၁ ကေဗွီ (၂_၅၀) MVA ဓာတ်အားခွဲရုံတစ်ခုအား ထားဝယ်တွင် တည်ဆောက်ခြင်းလုပ်ငန်း အတွက်မူ လာမည့် ဒီဇင်ဘာလအတွင်း တင်ဒါခေါ် ယူနိုင်ရန် ကြိုးစားပြင်ဆင်နေသည်ဟု ပြည်ထောင်စု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာန ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများ ဌာန တာဝန်ရှိသူက ပြောသည်။


တင်ဒါခေါ်ထားပြီးသော ဓါတ်အား လိုင်း သွယ်တန်းခြင်းလုပ်ငန်းအတွက် တင်ဒါချထားပေးရန်မှာ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB) ချေးငွေဖြင့် ဆောင်ရွက် နေခြင်း ဖြစ်သောကြောင့် ADB တာဝန် ရှိသူများနှင့် ညှိနှိုင်းနေရခြင်း၊ ဆက်စပ် ဌာနများထံမှ သဘောထားမှတ်ချက် တောင်းခံခြင်းတို့ကြောင့် အချိန်ယူနေ ရခြင်း ဖြစ်ကြောင်း အထက်ပါတာဝန် ရှိသူက ပြောသည်။


ကြီးမားကျယ်ပြန့်ပြီး ရှိနှင့်ပြီးသား မဟာဓာတ်အားလိုင်းများနှင့် ချိတ်ဆက် ရမည်ဖြစ်သောကြောင့် တစ်နိုင်လုံးမှ လိုင်းများနှင့်ကိုက်ညီရန် ဆောင်ရွက် နေရသေးကြောင်း ၄င်းတာဝန်ရှိသူက ပြောသည်။


ထို့ကြောင့် မြေပြင်လုပ်ငန်း စတင် နိုင်မည့်အချိန်ကိုမူ အတိအကျ မပြောနိုင် သေးဟု ၄င်းတာဝန်ရှိသူက ဆိုသည်။


"မြေပြင်မှာ တင်ဒါအောင်ပြီးမှ တင်ဒါအောင်တဲ့သူ (ကုမ္ပဏီ) နဲ့ စာချုပ် ချုပ်ပြီးမှ ဆက်လုပ်ရမှာ။ ဒီအတိုင်းတော့ ဘာမှ ဆက်လုပ်လို့ မရဘူး" ဟု ၄င်းက ပြောသည်။


တင်ဒါအောင်ကုမ္ပဏီများအား စိစစ်ရွေးချယ်ပြီးနောက် လုပ်ငန်းသဘော တူညီချက်များ၊ လုပ်ငန်းစာချုပ်မူကြမ်း ချုပ်ဆိုခြင်း၊ စာချုပ်အချောချုပ်ဆိုခြင်း များ အပြီးသတ်ဆောင်ရွက်ပြီးမှ လုပ်ငန်း ဖြစ်သောကြောင့် လုပ်ငန်းစတင်မည် အချိန်ကို အတိအကျ မပြောနိုင်သေးခြင်း ဖြစ်ကြောင်း ၄င်းတာဝန်ရှိသူက ပြော သည်။


တနင်္သာရီတိုင်းမှ မဟာဓာတ်အား လိုင်းမျှော်သူတို့ကလည်း မြေပြင်လုပ်ငန်း အမြန်စနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင် ကြစေလိုကြောင်း ပြောကြသည်။


တစ်လလျှင် မီတာခ ကျပ်သိန်း ၄၀ မှ ၆၀ အထိ ပေးဆောင်နေရသည့် ထားဝယ်မြို့လယ်ရှိ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးကမူ လျှပ်စစ်ဈေးနှုန်း ကြီးသဖြင့် ဟိုတယ်ခ ဈေးကြီးနေသဖြင့် လုပ်ငန်း ပုံရိပ်ကျဆင်းနေရကြောင်း ပြောသည်။


“ကုန်ကျစရိတ်တွေ အရမ်းများတယ် ဆိုတဲ့ ပုံရိပ်ကို လျှော့နိုင်မှာပေါ့။ မဟာ ဓာတ်အားလိုင်းရလို့ အခြားပြည်နယ် နဲ့တိုင်းတွေရဲ့ လျှပ်စစ်ဈေးနှုန်းအတိုင်း ဆောင်ရတယ်လို့ရှိရင် အဲလိုမျိုး ဆိုးတဲ့ ပုံရိပ်တွေ လျှော့နိုင်မှာပေါ့”ဟု အထက်ပါ ဟိုတယ်လုပ်ငန်းရှင်က ပြောသည်။


ထားဝယ်မြို့ တလိုင်းမရပ်ကွက်မှ အိမ်ရှင်မတစ်ဦး ဖြစ်သည့် ဒေါ်ညိုညိုတင် ကတော့ ဈေးသက်သာသည့် ဓာတ်အား လိုင်း မြန်မြန် ရလိုသော်ငြားလည်း စိတ်ရှည်စွာ စောင့်မည်ဟု ပြောလာ သည်။


"မဟာဓာတ်အားလိုင်းရဖို့က မြန်လေကောင်းလေပေါ့။ ဒါက ကိုယ်လုပ် လို့ ရတာမျိုး မဟုတ်ဘူးဆိုတော့ စောင့်ရမှာပေါ့"ဟု ဒေါ်ညိုညိုတင်က ပြောသည်။


တနင်္သာရီတိုင်းသို့ မဟာဓာတ်အားလိုင်း သွယ်တန်းရေးအပါအဝင် အခြား လျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေ ရယူနိုင်ရေး ပြည်ထောင်စုလျှပ်စစ် နှင့် စွမ်းအင် ဒုတိယ ဝန်ကြီးက ပြည်ထောင် စုလွှတ်တော်သို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလက တင်ပြခဲ့သည်။


ထိုသို့တင်ပြစဉ်က မော်လမြိုင်-ရေး-ထားဝယ် ၂၃၀ ကေဗွီ မဟာဓာတ် အားလိုင်းနှင့် ထားဝယ်ခွဲရုံစီမံကိန်းကို ၂၀၁၉ ခုနှစ် ဧပြီလတွင် စတင်ဆောင် ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း ပြောဆို ခဲ့သည်။


ထားဝယ်-မြိတ် ၂၃၀ ကေဗွီ ဓာတ် အားလိုင်း ၁၄၀ မိုင်နှင့် ဓာတ်အားခွဲရုံ စီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တွင်လည်းကောင်း၊ မြိတ်-ဘုတ်ပြင်း ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၁၄၅ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ ဘုတ်ပြင်း- ကော့သောင်း ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၁၂၀ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ကောင်း အဆင့်ဆင့် တည်ဆောက်သွား နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း တင်ပြခဲ့သည်။


ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဓာတ်အားပို့လွှတ်ရေး စီမံကိန်း များဌာန တာဝန်ရှိသူကလည်း လက်ရှိ တွင် မော်လမြိုင်-ရေး-ထားဝယ် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းနှင့် ထားဝယ် ခွဲရုံစီမံကိန်းကို မြေပြင်လုပ်ငန်း စတင် နိုင်မည့်အချိန် အတိအကျ မပြောနိုင် သော်လည်း ၂၀၂၂ ခုနှစ် နှစ်အလယ် ပိုင်းတွင် မဟာဓာတ်အားလိုင်း ထားဝယ် သို့ ရောက်နိုင်သည်ဟု ခန့်မှန်းကြောင်း ပြောသည်။


“၂၀၂၂ နှစ်အလယ်ပိုင်းလောက် ပေါ့။ လိုင်းက ထားဝယ်အထိရောက်နိုင် မယ်ပေါ့”ဟု ၄င်းတာဝန်ရှိသူက နိုဝင်ဘာလ ၂၉ ရက်တွင် ပြောသည်။


သို့သော် မြေပြင်လုပ်ငန်း လုပ်ချိန်များတွင် မြေယာသီးနှံလျော်ကြေးကိစ္စများ၊ နယ်မြေအခြေအနေများ စသည့် မမျှော် မှန်းနိုင်သော၊ မမြင်နိုင်သော ပြဿနာ ပေါ်ပေါက်မှု အနည်းအများပေါ်မူတည် ကာ လုပ်ငန်းပြီးမြောက်မှု ပိုမြန်၊ ပိုကြန့် ကြာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၄င်း တာဝန်ရှိသူက ပြောသည်။


“မြန်အောင်တော့ ကျွန်တော်တို့ တွန်းနေတာ၊ လုပ်နေတာ။ ဘာကြောင့် လဲဆိုတော့ နောက်မှာလည်း ပရောဂျက် တွေက များတာကိုး။ များတော့ ရှေ့က ပရောဂျက်ကြီးက ီနူပေ (ကြန့်ကြာ)ဖြစ်နေရင် နောက်က ပုံထပ်နေမှာစိုးလို့ တစ်ခုပြီး တစ်ခုကျွန်တော်တို့က တွန်းတွန်း နေတာ။ ပရောဂျက်ကာလက ကြိုပြီး သတ်မှတ်ပြီးသားဗျ” ဟု ၄င်းက ဆိုသည်။


တနင်္သာရီတိုင်းအတွင်းမှ ပြည် ထောင်စု လွှတ်တော်ကိုယ်စားလှယ်တို့ ကလည်း လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်ပါက ဓာတ်အားလိုင်းဖြတ်သန်းမည့်နေရာများတွင် ကျရောက်သည့် ဒေသခံများအား ညှိနှိုင်းပေးရန် အသင့်ရှိ ကြောင်း ပြောကြသည်။


“လုပ်မယ့်လုပ်ငန်းစဉ်ကိုတော့ ဘာတွေ ဘယ်လိုလုပ်မယ်ဆိုတာ ဌာနက ရှင်းရှင်း လင်းလင်း ပြောလာဖို့လိုတယ်။ လုပ်ငန်း မကြန့်ကြာရေး ဒေသခံတွေ ပူးပေါင်းပါ ဝင်လာအောင် ညှိနှိုင်းပေးဖို့ အသင့်ရှိပါ တယ်” ဟု ရေဖြူမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ပြောသည်။


ကျွန်းစုမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းကလည်း အကယ်၍ ခန့်မှန်းထားသည့်အချိန်ထက် မလိုအပ်ဘဲ ပိုကြာနေပါက ဌာနကို ညှိနှိုင်းမေးမြန်းခြင်း၊ တွန်းအားပေးခြင်း၊ လိုအပ်ပါက ကူညီပံ့ပိုးခြင်းများ လုပ် ဆောင်သွားမည်ဟု ပြောသည်။
“လျှပ်စစ်ကိစ္စ လျှပ်စစ် ဒုဝန်ကြီး ဖြေထားတာ ရှိတယ်ပေါ့နော်။ ဒီအပေါ် မှာ ကွဲလွဲချက်တွေရှိရင်တော့ ဘာကြောင့် ကြန့်ကြာနေတယ်။ ဘာတွေ အခက် အခဲရှိတယ်။ ဘယ်လိုမျိုး ပံ့ပိုးကူညီရ မယ်ဆိုတာ ထပ်ပြီးတော့ မေးသွားဖို့ ရှိပါတယ်” ဟု ဦးဥက္ကာမင်းက ပြောသည်။


အထက်ပါ ထားဝယ်မြို့မှ ဟိုတယ် လုပ်ငန်းရှင်ကမူ ယခုအချိန်တွင် မဟာ ဓာတ်အားလိုင်းလုပ်ငန်း တင်ဒါခေါ်ထား သည်ဟုကြားရသည်မှာ ဝမ်းသာစရာ သတင်းပင်ဖြစ်ပြီး ခေတ်အဆက်ဆက် ဖြစ်ခဲ့သည့် ပြောပြီးပျောက်သွားသည့်အဖြစ်မျိုး မဖြစ်စေလိုကြောင်း ပြောလာ သည်။


"လက်တွေ့လုပ်မယ်ဆိုရင်တော့ မြလေသ ပါပေါ့။ မျှော်လင့်ပါတယ်ပေါ့။ ပုံပြင်မဖြစ်ရင် ကောင်းတာပေါ့၊ မျှော်နေ တဲ့သူတွေလည်း မောပြီလေ" ဟု ၄င်း ဟိုတယ်လုပ်ငန်းရှင်က ပြောသည်။


မဟာဓာတ်အားလိုင်း ရောက်ခြင်း သည် လျှပ်စစ်ဓာတ်မီးတိုင်နှင့် လျှပ်စစ် ဓာတ်အားသွယ်ကြိုး ဆက်သွယ်ထား သည့် သဘောသာ သက်ရောက်ပြီး ဓာတ်အားလိုင်းရောက်သည်နှင့် လျှပ်စစ် မီး အလိုအလျောက်ရောက်ပြီဟု မဆိုနိုင် သေးကြောင်း အောက်တိုဘာလအတွင်း က ထားဝယ်မြို့တွင် ကျင်းပသည့် စွမ်းအင်ဖိုရမ်တွင် ပညာရှင်အချို့က သတိပေး ပြောဆိုဖူးသည်။