မြိတ်တွင်ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ် ခရီးသွားလုပ်ငန်းတိုးတက်ရေး အဓိကရည်ရွယ်ဟုဆို

0
595

မြိတ်မြို့တွင် ပြုလုပ်သွားမည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်ကို ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကရည်ရွယ်ထားသည်ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။


ဒီဇင်ဘာလ ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်တာပြုလုပ်သွားမည့်ဖိုရမ်တွင် စိုက်ပျိုးရေး၊မွေးမြူရေး၊သတ္တုတူးဖော် ရေး၊ လေယာဉ်ကွင်းနှင့်ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရေးအပါအဝင် ရေလုပ်ငန်း ကိုလည်း ထည့်သွင်းထားကြောင်း ဝန်ကြီး က ပြောသည်။


“အများစုကတော့ ခရီးသွားလုပ်ငန်း ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ချက်ရှိ ပါတယ်” ဟု ဒေါ်ရီရီချိုက ဆိုသည်။


တနင်္သာရီတိုင်းသည် ရှည်လျား သည့် ပင်လယ်ကမ်းရိုးတန်းနှင့် လှပသည့် ကျွန်းအများအပြားရှိနေပြီး နယ်မြေဒေသ အေးချမ်းသည့် တိုင်းဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း စီမံ/ဘဏ္ဍာဝန်ကြီးက ဆိုသည်။


ဖိုရမ်တွင်ကဏ္ဍပေါင်းစုံမှ ပြည်တွင်း ရှိ လုပ်ငန်း ၁၀ဝ နီးပါးခန့် ခင်းကျင်းပြသ ဆွေးနွေးသွားမည်ဖြစ်ပြီး တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် အခြား အရှေ့တောင် အာရှနိုင်ငံများရှိ ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်းရှင်များလည်း တက် ရောက်မည်ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ၄င်းက ပြောသည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာခြင်း ဖြင့် ဒေသခံလုပ်ငန်းရှင်များ၏ လုပ်ငန်း အခွင့်အလမ်းဆိုင်ရာ၊ ဈေးကွက် ပိုင်းဆိုင် ရာ၊ လုပ်ငန်းအဆင့်အတန်းနှင့် နည်း ပညာပိုင်းဆိုင်ရာများ တိုးတက်လာမည် ဖြစ်ကြောင်း မြိတ်ခရိုင်ကုန်သည်ကြီး များအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြော သည်။

ကိုဆန်း