တစ်ဝက်ပဲ ပြုံးခဲ့တယ်

0
550

“တစ်ဝက်ပဲ ပြုံးခဲ့တယ်” . . . . အဆိုတော်ဝေလရဲ့ “နောင်တ”ဆိုတဲ့ သီချင်းလေးထဲက ကျွန်တော်နှစ်သက်ရတဲ့ စာသားလေးပါ။ ဝေလကတော့ သူ့ ကောင်မလေးက သူ့ထက်သာတဲ့နောက် တစ်ယောက်နဲ့ ယူသွားလို့ သူအနေနဲ့ တစ်ဝက်ပဲပြုံးနိုင်ခဲ့တယ် ထင်ပါတယ်။

ကျွန်တော်ကတော့ တနင်္သာရီအပတ် စဉ်ဂျာနယ်ထဲက သတင်းတစ်ပုဒ်ကို ဖတ်ရပြီးချိန်မှာ တစ်ဝက်ပဲပြုံးနိုင်ခဲ့ပါတယ်။

တနင်္သာရီအပတ်စဉ်ဂျာနယ်၊ အတွဲ – ၇၊ အမှတ် – ၁၃၊ စာမျက်နှာ – ၂၂ မှာပါတဲ့ “တိုင်းအတွင်း ဆရာ၊ ဆရာမ တစ်ရာကျော်ကို အထက်တန်းပြရာထူး ခန့်အပ်” ဆိုတဲ့သတင်း ဖတ်ပြီးချိန်မှာ တစ်ဝက်ပဲ ပြုံးနိုင်ခဲ့ပါတယ်။

ဝန်ထမ်းတစ်ယောက်အတွက် ရာထူး တိုးတယ်ဆိုတာ အပျော်ရွှင်ရဆုံးအချိန်၊ သူငယ်ချင်းအပေါင်းအသင်းတွေအတွက် လည်း သူ့အတွက် ဂုဏ်အယူရဆုံးအချိန်ပါ။ ဒါကြောင့် ရာထူးတိုးပေးသင့်တဲ့ဝန်ထမ်း တွေကို ရာထူးတိုးပေးတာဟာ မင်္ဂလာ တစ်ပါးပါ။

ရာထူးတိုးသွားသူ အားလုံးကို လည်း ဝမ်းသာဂုဏ်ယူရပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ သို့သော်လည်း ကျွန်တော့်အနေနဲ့ သူတို့ အတွက် တစ်ဝက်ပဲပြုံးနိုင်သည့် အနေအထားပါ။

အားလုံးသိကြတဲ့အတိုင်းပါပဲ။ နိုဝင်ဘာလဆိုတာ တက္ကသိုလ်ဝင်တန်းကျောင်း သားများအတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ နှစ်လကျော်ကျော် လောက်သာ လိုတော့တဲ့အချိန်ပါ။

အခုလို အရေးကြီးနေသည့် အချိန်မျိုးမှာ ဆရာမ အသစ်တစ်ယောက်နှင့် သင်ခန်းစာ အသစ် တစ်ခုကို သင်ရသည်မှာ အဆင်ပြေဖို့ အလွန်ခက်ခဲနေပေမည်။ နှစ်စကတည်းက သင်လာသည့် ဘာသာရပ် သင်ဆရာ၊ ဆရာမနှင့် အသားကျနေချိန်မှာ ဆရာ အသစ်တစ်ယောက်နှင့် သင်ယူရခြင်းမှာ ထီထိုးသလို ဖြစ်နေပေလိမ့်မည်။ ကိုယ်လို ချင်သည့်ပုံစံနှင့် တသားတည်းကျဖို့ဆို သည်မှာ မလွယ်လှ။ “လင်လိုတုန်းနားပဲ့”ဆိုသလိုမျိုး ဖြစ်နေမလားမသိ။ စာမေးပွဲ အတွက် ဆရာရောကျောင်းသားပါ အားသွန်ခွန်စိုက်ကြိုးစား ရမည့်အချိန်ကျ မှ ဆရာက ပြောင်းသွားရသည့်အဖြစ်။

သင်ကြားရေးအတွေ့အကြုံရှိပြီးသား ဆရာတစ်ယောက် နေရာသစ်တစ်ခု သို့ ပြောင်းသွားခြင်းမှာ ထိုကျောင်း အတွက် ကံကောင်းခြင်း ဖြစ်သည်။ သို့သော် ရာထူးတိုးဆရာတစ်ယောက် ရောက်လာသည့် ကျောင်းအတွက်မူ စိန်ခေါ်မှုများစွာ ရှိလာပေလိမ့်မည်။

ရာထူးတိုးပေးခြင်းခံရသည့် ဆရာ အတွက်လည်း များစွာရုန်းကန်ရနိုင်သည်။ ရာထူးတိုးသွားသည့် ဆရာ၊ ဆရာမများ၏ အရည်အချင်းကို အထင်သေး၍တော့ မဟုတ်။

သို့သော်လည်း ကိုယ်ရောက် သွားသည့်ကျောင်းတွင် ကိုယ်သင်ရမည့် ဘာသာရပ်အတွက် ကိုယ့်မှာ သင်ကြား ရေး အတွေ့အကြုံမရှိလျှင်သော်လည်း ကောင်း၊ ကိုယ်ရထားသည့်ဘွဲ့နှင့် မကိုက် လျှင်သော်လည်းကောင်း ကိုယ့်အတွက် အခက်အခဲ များစွာရှိလာပေမည်။

ဥပမာအားဖြင့် လယ်-၂(အလယ် တန်းပြ-၂)မှနေပြီး အထက်တန်းပြရာထူး သို့ တိုးပေးခံရသည့် ဆရာမတစ်ယောက် အတွက် ကျောင်းသားအသက်အရွယ်လည်း ကွာသလို၊ သင်ပြပေးရသည့် ဘာသာရပ် မှာလည်း ကွာခြားမှုရှိနေပေမည်။ နှစ်စကတည်းက စသင်ရလျှင် အချိန်ယူပြီး ကြိုးစား၍ရနိုင်သည်။ သို့သော် နှစ် ဆုံးခါနီးမှ ကိုယ်နှင့်အစိမ်း သက်သက် နီးပါးဖြစ်နေသည့် ဘာသာရပ်တစ်ခုကို ကောက်ခါငင်ကာ ဝင်သင်ရမည် ဆိုလျှင် တော့ မိမိကိုယ်ကိုမိမိ ယုံကြည်မှု ရှိအောင်ပင် များစွာ အားထုတ်ရပေမည်။ န၀မတန်းဆိုလျှင် များစွာပြဿနာ မရှိနိုင်သော်လည်း တက္ကသိုလ်ဝင်တန်း ဆိုလျှင်တော့ ဆရာရော ကျောင်းသား အတွက်ပါ တာဝန်ကြီးသွားပြီဖြစ်သည်။ ကျောင်းသားမိဘများအတွက်လည်း စိုးရိမ်စရာတွေ ဖြစ်လာတော့သည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်ကျော်က ရာထူးတိုးသည့် ဆရာမလေးတစ်ယောက် ကျွန်တော့်ဆီရောက်လာသည်။ သူသင်ရ မည့်ဘာသာရပ်က အင်္ဂလိပ်စာ။ န၀မတန်းရော၊ ဒသမတန်းပါ နှစ်တန်းစလုံး သင်ပေးရမည်။ သင်ရမည့် ဘာသာရပ်နှင့် ရထားသည့်ဘွဲ့ကလည်း မကိုက်။ အင်္ဂလိပ် စာကိုလည်း တစ်ခါမျှမသင်ဖူး။ ထိုအရာ တွေက ကြိုးစားမည်ဆိုလျှင် အခက်အခဲ မဖြစ်နိုင်။ သို့သော် ယခုစသင်ရမည်က နှစ်စမဟုတ် နှစ်ဆုံးခါနီးအချိန်။ ဆိုတော့ များစွာအကြပ်ရိုက်ရသည့် အဖြစ်။ ကျွန်တော့် အနေနဲ့ တတ်နိုင်သလောက် ကူညီပေးပြီး၊ အားပေးစကားပြောကာ ပြန်လွှတ်လိုက်ရ သည်။ အဆင်မပြေတာ၊ သိလိုတာရှိလျှင် ပြန်လာခဲ့ဖို့ ပြောလိုက်ရသည်။ သို့သော် လည်း သူ့အတွက်ရော၊ ကျောင်းသားလေး များအတွက်ပါ စိတ်လေးနေမိသည်က တော့ အမှန်။ ဆရာရော ကျောင်းသားများ ပါ အဆင်ပြေ ကံကောင်းကြဖို့သာ ဆုတောင်း နေမိတော့သည်။

တစ်ရက်နှစ်ရက်လောက်ကြာတော့ သူငယ်ချင်းတစ်ယောက်နှင့် လက်ဖက်ရည် ဆိုင်မှာ ဆုံဖြစ်သည်။ အင်္ဂလိပ်စာ သင်ကြား ရေးအတွေ့အကြုံရှိသည့် ဆရာတစ်ယောက် လောက်ရှိလျှင် ရှာပေးဖို့ပြောလာသည်။ အထက်တန်းကျောင်း ခွဲတစ်ကျောင်းမှ ပြောင်းရွှေ့ပါသွားသည့် အင်္ဂလိပ်စာ ဆရာမလေးနေရာမှာ အစားထိုးဖို့ ဖြစ် သည်။ အသစ်ထပ်မခန့်ပေးဘူးလား မေးတော့ ယခုနှစ်အတွင်းမှာ ခန့်ပေးဖို့ သိပ်မသေချာကြောင်း ပြောသည်။ ရွာခံတွေထဲက ခန့်ထားဖို့ကိုလည်း မယုံကြည် ရဲကြ။ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသားဦးရေက လေးဆယ်ကျော်။ နယ်မှာဆိုတော့ အားကိုးစရာ အပြင်ကျူရှင်ကလည်း လောက်လောက်လားလားမရှိ။ ဆိုတော့ ထိုကျောင်းသားလေးများအတွက် အဖြေတစ်ခု အမြန်ရှာတွေ့ပါစေလို့သာ ဆုတောင်းပေးနေမိသည်။

ယခုကဲ့သို့သော အခက်အခဲမျိုး၊ အဖြစ်အပျက်မျိုး တိုင်းတွင်းမှာ မည်မျှ လောက်ရှိနေကြ သည်မသိ။ ယခုလို အခြေ အနေမျိုး နောက်နှစ်တွေမှာ ထပ်မဖြစ်ရ လေအောင် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို တာဝန်ရှိသူများအနေဖြင့် စဉ်းစားသင့်ပြီဟု ဆိုချင်ပါသည်။

အဘယ့်ကြောင့် ရာထူး တိုးနှင့် အပြောင်းအရွှေ့ကိစ္စများ နှောင့်နှေးနေရသည်ကိုတော့ သက်ဆိုင်သူများသာ သိကြပေလိမ့်မည်။ ဝန်ထမ်းအပြောင်းအရွှေ့၊ ရာထူးတိုးကိစ္စများနှင့်တိုင်ပတ်နေသည့် မြန်မာ့ပညာရေးမှာ အပြောင်း အလဲလုပ်မည့် စနစ်သစ်ပညာရေးအတွက် အဆင်သင့်ဖြစ်ပါ့မလား တွေးပူနေမိသည်။

လက်ရှိအခြေအနေအရတော့ ဆရာ၊ ဆရာမများ၏ သင်ကြားရေးအခက်ခဲကြောင့် အဆင်မပြေဖြစ်နေကြသည့် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသားလေးများကြောင့် ရာထူးတိုး သွားသည့် ဆရာ၊ ဆရာမများ အတွက် ကျွန်တော့်မှာ တစ်ဝက်ပဲ ပြုံးနိုင်ပါသေးသည်။

သန်းဇာ်ဦး(ရလိုင်)