တက္ကသိုလ်နှစ်ခုတွင် အင်္ဂလိပ်နှင့် ထိုင်း သင်တန်းပေးမည်

0
510

မကြာသေးမီက တိုင်းအစိုးရ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဌာနလက်အောက်သို့ လွှဲပြောင်း ထားသော ထားဝယ်နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်တွင် အင်္ဂလိပ် နှင့် ထိုင်းဘာသာစကား သင်တန်းများ ဒီဇင်ဘာလအတွင်း စတင်မည်ဖြစ်သည်။

ထားဝယ်နည်းပညာတက္ကသိုလ်တွင် အင်္ဂလိပ်နှင့် ထိုင်းဘာသာစကား သင်တန်း ကို တနင်္လာနေ့မှ သောကြာနေ့အထိ ညနေပိုင်းတွင် သင်ကြားမည်ဖြစ်ကြောင်း ထားဝယ်နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်လင်းက ပြောသည်။

သင်တန်းမှာ နှစ်လဖြစ်ပြီး ဘာသာ ရပ်တစ်ခု (တစ်တန်း) လျှင် ကျောင်းသား ဦးရေ ၄၀ ခန့်သင်ကြားရန် ရည်မှန်းထား သည်ဟုဆိုသည်။

” ဝန်ကြီး ပြောတာကတော့ အင်္ဂလိပ် နဲ့ ထိုင်း language သင်တန်းဆရာ ကတော့ သူကစီစဉ်ပေးမယ်။ လက်ရှိမှာ တော့ ဝန်ကြီးကို အစီရင်ခံစာတင်ထားတာ ပဲရှိသေးတယ်”ဟု ဒေါက်တာကျော်ကျော် လင်းက ဆိုသည်။ ဝန်ကြီးဆိုသည်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်းကို ရည်ညွှန်းပြောဆို ခြင်း ဖြစ်သည်။

သင်တန်းဆရာ၊ သင်တန်းများ၊ သင်တန်းရက်များနှင့် ပတ်သက်ပြီး ဝန်ကြီးနှင့် ပြန်လည်တွေ့ဆုံဆွေးနွေးရန် ရှိပြီး တွေ့ဆုံပြီးမှသာ အတည်ပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

သင်တန်းဆင်းလက်မှတ်နှင့် စာရွက် စာတမ်းဖိုးအပါအဝင် သင်တန်းကြေး နှစ်လအတွက် ငွေကျပ် ၅၀၀၀ သတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ကွန်ပျူတာတက္ကသိုလ် တွင် အင်္ဂလိပ်နှင့် ထိုင်းဘာသာစကား အပြင် ဂျပန်၊ တရုတ်ဘာသာစကားကိုပါ ထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်း ထားဝယ်ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယပါမေက္ခချုပ် ဒေါ်ခင်အေးသန်းက ပြောသည်။

“ပညာပိုင်းဆိုင်ရာကျွမ်းကျင်သော် လည်းပဲ Communication (ဆက်သွယ်မှု) အရ ဘာသာရပ်မကျွမ်းကျင်ဘူးဆိုရင်လည်း အဆင်မပြေဘူးပေါ့နော်” ဟု ဒေါက်တာ ခင်အေးသန်းက ပြောသည်။

ယခင်က အင်္ဂလိပ်စာသင်တန်းကို ကျောင်းသူ ကျောင်းသားများအား အင်္ဂလိပ် စာဌာနမှ ဆရာမများ၏ အကူအညီဖြင့် ကျောင်းပိတ်ရက်များတွင် အခမဲ့သင်တန်း များ သင်ကြားပေးပြီး ယခုနှစ်တွင်မူ စာမေး ပွဲအရေအတွက်များပြားသွားမှုကြောင့် မသင်ဖြစ်ခဲ့ကြောင်း ဒေါက်တာခင်အေး သန်းက ပြောသည်။

အင်္ဂလိပ်စာကို ကွန်ပျူတာတက္ကသိုလ် မှ ဆရာမများနှင့် သင်ကြားပေးပြီး ဂျပန်နှင့် တရုတ်စာကိုမူ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းပြီးသွားသည့် ကျောင်းသားဟောင်းနှစ်ဦးမှ လာရောက် ကူညီ သင်ကြားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းစာကိုမူ ဝန်ကြီးက စီစဉ်ပေး မည်ဟု ပြောဆိုထားပြီး သင်တန်းသား ဦးရေကို ကန့်သတ်ထားခြင်းမရှိဘဲ မိမိ စိတ်ဝင်စားသည့်ဘာသာရပ်ကို လျှောက် ထားနိုင်သည်ဟု ဒေါက်တာခင်အေးသန်း က ဆိုသည်။

အင်္ဂလိပ်စာဘာသာရပ်ကို တနင်္လာ မှ သောကြာနေ့အထိ ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ သင်ကြားမည်ဖြစ်ပြီး ကျန်ဘာသာရပ်များကိုမူ တစ်ပတ် ၃ ရက်သင်ကြားမည်ဖြစ်သည်။ သင်တန်း ကြေး အခမဲ့ဖြစ်သည်ဟု ၎င်းက ပြော သည်။

ပြည်တွင်း၊ ပြင်ပနိုင်ငံများသို့ ပညာ တော်သင်သွားရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် လည်းကောင်း ဘာသာစကားများကို တတ်မြောက် ထားပါက အထောက်အကူဖြစ်စေသည် ဟု ဒေါက်တာခင်အေးသန်းက ပြောသည်။

အဆိုပါ ဘာသာစကားသင်တန်း များကို မြိတ်နည်းပညာတက္ကသိုလ်တွင် လည်း သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

Dawei Watch