ကော့သောင်း ဖောင်ဆိပ်တံတားသစ် ဒီဇင်ဘာလအတွင်း စဆောက်မည်

0
721

ကော့သောင်းမြို့နှင့် ပါချန်မြစ် ကမ်း မြန်မာကျေးရွာများ ချိတ်ဆက်မည့် ဖောင်ဆိပ်တံတားသစ်ကို ဒီဇင်ဘာလ အတွင်း စတင်ဆောက်လုပ်မည်ဟု တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄)မှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝေဖြိုးက ပြောသည်။

အရှည် ၃၅၀ ပေ၊ အကျယ် ပေ ၂၀၊ ၂ လမ်းသွား သံကူကွန်ကရစ်တံတား သစ်ကို တည်ဆောက်မည်ဖြစ်ပြီး ကုန်ကျ ငွေ သန်း ၉၀၀ လျာထားကြောင်း ဦးဝေဖြိုးက ပြောသည်။

“(လုပ်ငန်းသုံးပစ္စည်း)တင်ဒါခေါ် ထားပါတယ်။ တင်ဒါက ဒီဇင်ဘာလ ၁၂ မှာ ဖွင့်ပါမယ်။ ဒီဇင်ဘာလထဲမှာ (လုပ်ငန်း)စမှာပါ”ဟု ဦးဝေဖြိုးက ပြောသည်။

ထိုတံတားမှာ ခမောက်ကြီးမြို့မှ ၂ မိုင် ၃ ဖာလုံအကွာတွင်ရှိပြီး ကော့သောင်း မှ ပါချန်မြစ်ကမ်းရွာများသို့ ကုန်းလမ်း ခရီးဖြင့်သွားရောက်နိုင်သည့်လမ်းပေါ်တွင် တည်ရှိသည်။

ယခုအသစ်ဆောက်မည့် တံတား နေရာတွင် ကွန်ကရစ်တံတားတစ်စီး ရှိသော်လည်း မကြံ့ခိုင်တော့သဖြင့် လက်ရှိတွင် ကားကြီးများ သွား၍မရဘဲ ကားငယ်သွားလျှင်ပင် ပြိုကျမည်ကို စိုး ရိမ်နေရကြောင်းကော့သောင်းဒေသခံ အချို့က ပြောသည်။

အကယ်၍ တံတားသစ် စဆောက်ပါ က တံတားဟောင်းမှ သွားလာခွင့် ပိတ်လိုက်မည်ဖြစ်ပြီး ယင်းအတွက် လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက ဒေသခံများနှင့် ညှိနှိုင်း ပြေလည်ပြီးကြောင်း ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးယဉ်ထွေးက ပြောသည်။

ထိုတံတား ပိတ်ထားချိန်ကာလအတွင်း ဒေသခံများက ဆီအုန်းခြံလမ်းကို ယာယီအသုံးပြုနေရမည် ဖြစ်သည်။

တံတားသစ် ပြီးစီးရန်မှာ ရန်ပုံငွေ ထပ်မံချထားပေးမှုအပေါ် မူတည်နေ ကြောင်း ယင်းတံတားကို တာဝန်ယူဆောက် လုပ်မည့် တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝေဖြိုးက ပြောသည်။

“တစ်ကယ်တမ်း ဆောက်ရင်တော့ ပြီးပါတယ်။ ရန်ပုံငွေ ရရှိမှုအပေါ် မူတည် သေးတာပေါ့။ ရန်ပုံငွေ အပြည့်မရသေး ဘူးပေါ့နော်”ဟု ကိုဝေဖြိုးက ပြောသည်။

ထိုတံတားပြီးပါက ကော့သောင်းမှ ပါချန်မြစ်ကမ်းရွာများသို့ ကားကြီးကား ငယ်မရွေး အနီဆုံးလမ်းမှ သွားလာနိုင်မည်ဟု ဒေသခံတို့က ပြောကြသည်။

Dawei Watch