သိကြားမင်းဘွဲ့ ဆက်ကပ်ခံရတဲ့ ကလိန်အောင်ဆံတော်ရှင်ဘုရား

0
2502

သူရဇ္ဇမဂ္ဂဇင်း အတွဲ(၁၀)၊ အမှတ် (၁၀)၊ ၂၀၁၀ပြည့်နှစ် အောက်တိုဘာ လထုတ်မှာ ဆရာကြီးမြဝင်း (ဒဿန)ရဲ့ ဆောင်းပါးမှာ သိကြားမင်းဘွဲ့ ဆက်ကပ် ခံရတဲ့ဘုရား ၂၈ ဆူစာရင်းကို ဖတ်ရပါတယ်

(၁) ပုဂံရွှေစည်းခုံ – အာ၊သော၊မာ၊၀

(၂) ပုဂံစူဠာမဏိ – တာ၊၀၊ဂု၊ဏ

(၃) ပင်းယရွှေစည်းခုံ – သ၊သ၊သံ၊သေ

(၄) အဝရွှေစည်းခုံ – သု၊ခါ၊၀၊ဟံ

(၅) အညာသီဟတော – သ၊မ္ဗု၊ဒ္ဓေ၊ ယ

(၆) ရွှေစာရံ – ဗော၊ဓိ၊စိ၊န္တာ

(၇) ရွှေမင်းဝံ – ဥ၊မ္မာ၊၀၊မ္ပဲး

(၈) ရွှေသာလျောင်း – ဝိ၊ရူ၊ဟော၊န္တု

(၉) ရွှေယင်မြော် – ဥ၊၀၊ဟ၊နိ

(၁၀) ပုခန်းစည်သူရှင် – ၀၊၀၊ဇာ၊ဂံ

(၁၁) ကွမ်းရွာရွှေတန့်တစ် – ထိ၊ ထ၊မ၊စဲး

(၁၂) လယ်ကိုင်းကျောင်းတော်ရာ – ပု၊ည၊ခေ၊တ္တံ

(၁၃) အထက်စက်တော်ရာ – ကေ၊ လာ၊၀၊ဟ

(၁၄) အောက်စက်တော်ရာ – န၊န္တ၊ ဂု၊ဏ

(၁၅) ပြည်ဆံတော် – သု၊သု၊ဇာ၊ဂံ

(၁၆) မြတ် စောညီနောင် – ဗော၊ဓိ၊ သေ၊ဠံ

(၁၇) ရွှေတိဂုံ – ဗု၊ဒ၊စိ၊န္တာ

(၁၈) ရွှေမော်တော – ၀၊ရ၊ဂု၊ဏ

(၁၉) ကျိုက်ပွန် – အ၊ဟံ၊ ဘ၊န္တေ

(၂၀) ကျိုက္ခမီ – စ၊ဘ၊က၊သ

(၂၁) ကျိုက်ထီးရိုး – ဣ၊အ၊မ၊ချာ

(၂၂) မုတ္တမမြသိန်းတန် – ဝေ၊ဒါ၊ ဒ၊ယ

(၂၃) ဇင်းကျိုက်ဘုရား – စေ၊အာ၊ မာ၊သာ

(၂၄) ဇင်းမယ်လပုန်းဘုရား – အ၊ စိ၊န္တေ၊ယ

(၂၅) တရုတ်ပြည်စွယ်တော် – မာ၊ မံ၊ဟု၊ဟာ

(၂၆) ယိုးဒယားပြည်ဆံတော် – ဇ၊ဝံ၊ဟ၊ဟ

(၂၇) ထားဝယ်ပြည်ဆံတော် – မံ၊ သွဏ်၊သု၊သ

(၂၈) ရခိုင်ဘုရားကြီး – ဗု၊ဒ္ဓ၊ဂု၊ဏ တို့ ဖြစ်ပါတယ်။

ဆရာကြီးမြဝင်းက ဒီစာလေးလုံးစီ က အစအက္ခရာတွေ ဖြစ်တယ်။ အစ အက္ခရာကို တစ်ပါဒစီယူပြီး လေးလုံး တစ်ဂါထာစီ ထားတယ်။ မောင်းထောင်း သာသနာပိုင်လူထွက် မင်းတိုင်ပင်အမတ် ကြီး မဟာဇေယျသင်္ကြန်က အနက် ပြန်ဆို ပြီး ဘိုးတော်ဘုရားထံ ဆက်သွင်းခဲ့ တယ်လို့ ဆိုတယ်။ ဒီစာရင်းကိုလည်း စိန္တကျော်သူဦးဩရဲ့ ကဝိလက္ခဏာသတ်ပုံ ကျမ်းမှာ ပါတယ်။ ဆရာကြီးဦးဆန်းထွန်း ရဲ့ ကဝိလက္ခဏဝိသောဓနီမှာ ဂါထာ (၂၈)ဂါထာစလုံးကို ပါဠိရော အနက်ပါ ဖော်ပြထားတဲ့အပြင် အဲဒီဂါထာတွေနဲ့ ပတ်သက်ပြီး မင်းတိုင်ပင်အမတ်ကြီးရဲ့ မှတ်ချက်ကိုလည်း ပြထားပါတယ်။ ဒီ ဘုရားရှိခိုးဂါထာတွေကို ပူဇော်ရင် ဘေးအန္တရာယ်ကင်းငြိမ်းပြီး ဘုန်းကြီး အသက်ရှည်တယ်။ ဒါက ရှေးသူဟောင်း တို့ မှတ်သားဆောင်ရွက်ခဲ့တယ်လို့ တွေ့ ရပါတယ်။

ဒီ ၂၈ ဆူဟာ သိကြားအက္ခရာတံဆိပ် တော်ရဘုရားတွေ ဖြစ်ပါတယ်။ ဒီဘုရား တွေရဲ့တည်ရှိတဲ့နေရာတွေက အခု မြန်မာပြည် သာမက ဇင်းမယ် (ချင်းမိုင်)၊ တရုတ်ပြည်၊ ယိုးဒယား(ထိုင်း)တွေပါ ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း အလယ်ပိုင်းဒေသသာမက မွန်ပါတယ်။ ရခိုင်ပါတယ်။ ထားဝယ်ပါ ပါတယ်။ အခုချိန်ထိ ထင်ရှားကျော်ကြားလှတဲ့ ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ ပြည်ဆံတော်၊ ပုဂံရွှေစည်းခုံ၊ ပုဂံစူဠာမဏိ၊ အထက် စက်တော်ရာ၊ အောက်စက်တော်ရာတွေ ပါတယ်။

ရှေးသူဟောင်းတို့ မှတ်သားဆောင် ရွက်ခဲ့တယ်လို့ ဖော်ပြထားတဲ့အတွက် ဘယ်လောက်ရှေးကျလဲ ရှာမိပါတယ်။ လေ့လာမိသလောက် အထက်ဘုရား ၂၈ ဆူရဲ့သမိုင်းတွေအရ ဗုဒ္ဓမြတ်စွာပွင့်စဉ် ကာလထိ ရှေးကျနိုင်ပါတယ်။ ပုဂံဘုရား စာရင်းတွေပါတဲ့အတွက် ခရစ်နှစ် ၁၁ ရာစုကို ပြန်ဆုတ်မိတယ်။ နောက်အဝ ရွှေစည်းခုံလို့တွေ့လို့ ၁၄ ရာစု လောက် နောက်ဆုတ် တွေးမိတယ်။ စိန္တကျော် သူဦးဩလို့တွေ့လို့ ကုန်းဘောင်ခေတ်ဦး ထိ နောက်ဆုတ်မိတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာရင်းက အနည်းဆုံးနှစ် ၃၀၀ လောက် ရှိပြီလို့ တွေ့ရတယ်။ ဒီ ၂၈ ဆူစာရင်းက လည်း ပွင့်တော်မူပြီးတဲ့ ဘုရားရှင် ၂၈ ဆူစာရင်းအတိုင်း ပူဇော်ထားလားလို့ တွေးမိတယ်။

ဒီ ၂၈ ဆူဘုရားပူဇော်မှုကို နှစ် တွက်ကြည့်ဖို့ လိုအပ်တာက ကျွန်တော် တို့နဲ့ဆိုင်တဲ့ ထားဝယ်ဆံတော်ရှင် – မံ၊ သွဏ်၊ သု၊ သ ဆိုတဲ့ အမှတ်စဉ် ၂၇ ကြောင့် ဖြစ်ပါတယ်။ ထားဝယ်မှာ နာမည်ကြီး တန်ခိုးကြီးတဲ့ ဘုရားစေတီတွေနဲ့ နေရာ ဒေသတွေ အများကြီး ရှိပါတယ်။ အခု နောက်ပိုင်း နာမည်အကြီးဆုံးကတော့ ရှင်ကိုးရှင် ဖြစ်ပါတယ်။ ရှင်ကိုးရှင်စာရင်း အရ ရှင်ဆံတော်ဆိုပြီး ထားဝယ်ဆံတော် ရှင်ဘုရားက အပါအဝင် ဖြစ်ပါတယ်။

၁၉၉၆ခုနှစ်မှာ ဆရာစိုးမင်း(ထားဝယ်) က ဒူရကတိုင်း အောင်သာ၀တီပြည် ကလိန်အောင်မြို့ ဆုတောင်းပြည့် ဆံတော် ရှင်ဘုရား သမိုင်းဆိုပြီး စာအုပ်ပြုစုထား တယ်။ ၁၂၈၃ခုနှစ် ဝါခေါင်လတွင် ထားဝယ်မြို့ ထရေဒင် စာပုံနှိပ်တိုက်ထုတ် “ထားဝယ်ရာဇဝင်တော်ကြီးပညာပေါင်းချုပ်၊ ပထမတွဲ”စာအုပ်၊ သိမ်၀ကျောင်း ဆရာတော် ဦးကေလာသထံမှ ဖတ်ရှုခွင့်ရသော “မဟာသမိုင်းတော်ကြီးပေါင်းချုပ်” စာအုပ်တို့မှ ထုတ်နုတ်၍ ရဟန်း-ရှင်-လူအများ လွယ်ကူစွာဖတ်ရှုကြည်ညို လေ့လာနိုင်ရန် စကားပြေဖြင့် ဤဘုရား သမိုင်းအကျဉ်းကို ရေးသားပြုစုတယ်လို့ ဖတ်ရပါတယ်။

ဤဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူပြီးတဲ့ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားရှင်လေးဆူတို့၏ ဆံတော်မြတ် ၃ ဆူစီကိန်းအောင်း စံပယ်တော်မူ၍ တစ် ဆယ့်နှစ်ဆူသော ဆံတော်များကိန်းအောင်း တယ်လို့ စရေးပါတယ်။ ယခုဆံတော် ရှင်ဘုရားတည်ရှိတဲ့တောင်ကို ကကုသန် ဘုရားပွင့်တော်မူစဉ်မှာ ဂုမ္ဘဏ္ဍယက္ခ နတ်ဘီလူးနေတဲ့ သုဝဏ္ဏဂီရိတောင်ကုန်း၊ ကောဏဂုံဘုရားပွင့်တော်မူစဉ်မှာ ဂီရိဝေ ဘာတောင်ကုန်း၊ ကဿပဘုရားရှင် ပွင့် တော်မူစဉ် မဟေသရတောင်ကုန်း၊ ဂေါတမဘုရားပွင့်တော်မူစဉ် ဝေဿဝဏ္ဏ တောင်ကုန်းလို့ ခေါ်တယ်။

ဂေါတမမြတ်စွာဘုရားရှင်၏ ၁၁ ဝါ မြောက် ဥတ္တရကုဂုကျွန်းမှ ဆွမ်းခံအပြန် ဈာန်ယာဉ်ခရီးဖြင့် ဝေမိသာက တောင်သို့ ကြွတော်မူ၏။ ထိုဝေမိသာကတောင်၌ သုဘောဂသူဌေးသား တာပသဂဝံပတေ့ ရသေ့၊ ဒူရကနတ်သားနှင့် ကုမ္ဘဏ္ဍယက္ခ နတ်ဘီလူး (မှီအုံးတောင်စောင့်နတ်ဘီလူး) တို့ သုံးဦးအား ဂေါတမမြတ်စွာဘုရားရှင် သည် တရားရေအေး အမြိုက်ဆေးတိုက် ကျွေးပြီးနောက် ဆံတော်မြတ်သုံးဆူကို ဂဝံပတေ့ လက်ဝယ်သို့ ပေးအပ်တော်မူ၍ မြောက်အရပ်သို့ လက်ညှိုးညွှန်ကာ ဝေဿဝဏ္ဏတောင်ကုန်း၌ ဌာပနာလော့ဟု မိန့် ကြားတော်မူ၏။

ဆံတော်ရှင်ဆုတောင်းပြည့်ဟု အမည်တွင်ခြင်း

ဂဝံပတေ့ရှင်ရသေ့လက်ဝယ်ရရှိ သော ဆံတော်မြတ်သုံးဆူကို ဒူရကနတ်သား သည် န၀ရတ်ကိုးသွယ်ဖြင့် စီခြယ်ထား သော ရွှေစင်ကလပ်ဖြင့် ပူဇော်ထားပြီး သကာလ ဝေဿဝဏ္ဏစသော နတ်မင်း ကြီးလေးပါးတို့သည် န၀ရတ် ကိုးသွယ် စီခြယ်ထားအပ်သော ရွှေပန်းတောင်းကို ယူလာကုန်၍ ရိုသေစွာဒူးတုပ်ပြီးသော် ဆံတော်မြတ်သုံးဆူကို ခံယူကြလေသည်။ ဝေဿဝဏ္ဏတောင်ကုန်းစောင့် ဂုမ္ဘဏ္ဍယက္ခ နတ်ဘီလူးမင်းနှင့် သာသနာစောင့် နတ်မင်း ကြီးလေးပါးတို့သည် တောင် သမုဒ္ဒရာ၌ လုံးပတ်ထွာဆိုင် အလျားတောင် ဆုပ်ပမာဏရှိသော ပတ္တမြားစေတီကြုတ် ကိုဆောင်ယူ၍ ဆံတော်မြတ်သုံးဆူကို ဌာပနာပြီးလျှင် ဂုမ္ဘဏ္ဍယက္ခနတ်ဘီလူးမင်း အား အပ်နှင်းလေ၏။ ဘီလူးမင်းသည် လည်း ပြည်သူပြည်သားတို့နှင့်အတူ အလွန်ဆန်းကျယ်သော မဏ္ဍပ်ကြီးအတွင်း သို့ ပင့်ဆောင်၍ အချိန်ပိဿာနှစ်ရာရှိသော ရွှေသားစေတီကို န၀ရတ်ကိုးသွယ်ဖြင့် စီခြယ်လျက် ပတ္တမြားစေတီတော်ကိုငုံ့၍ ရွှေကလပ်သို့တင်ပြီးလျှင် သုံးလပတ်လုံး အတီးအမှုတ်အကအခုနသဘင်ပွဲကြီး ဆင်ယင်ကျင်းပကာ ကြီးစွာသော ပူဇော် ခြင်းတို့ဖြင့် ပူဇော်ကြကုန်လေ၏။

ဝေဿဝဏ္ဏတောင်ကုန်းကိုလည်း အစောက်အတောင်လေးဆယ်၊ အနံ အတောင်သုံးဆယ်တူးပြီးနောက် ကျောက်အင်္ဂတေဖြင့် သေသပ်လှပတင့်တယ်စွာ ပြုလုပ်စေပြီးလျှင် န၀ရတ်ကိုးသွယ်တို့ ဖြင့်စီခြယ်အပ်သော တံခွန်ကုက္ကားထီးတို့ ကို ဆင်မြန်းကြလေသည်။

ထိုစေတီတော် ကို အလွန်လှပတင့်တယ်သော ကျောက် စားပွဲ ထက်၌တင်၍ ဒူရကနတ်သား၊ ဝေဿဝဏ္ဏစသော သာသနာတော်စောင့် နတ်မင်းကြီးလေးပါးနှင့်တကွ နတ် ဘီလူးမင်းတို့က ဌာပနာကြလေသည်။ ထိုသို့ဌာပနာပြီးမှ ကျောက်ကြီးကျောက် ငယ်အသွယ်သွယ်တို့ကို ကာရံလျက် ကောင်းမွန်သေသပ်စွာပြုလုပ်ပြီး သော် ယင်းဌာပနာတိုက်အပေါ်၌ တစ်ဆယ့်ငါး တောင်ခန့်မျှ ဥာဏ်တော်ရှိသော ကျောက် စေတီကို အပေါ်မှ တည်ထားလေသည်။

ထိုစေတီတော်မြတ်သည် ဆံတော်မြတ် များကိန်းဝပ် စံတော်မူသည်ဖြစ်၍ ဆံတော်ရှင် ဆုတောင်းပြည့်စေတီတော်ဟု အမည်တွင်လေသည်။ လို့ တွေ့ရပါတယ်။


ဆုတောင်းပြည့်ဆံတော်ရှင်စေတီ တော်ကြီးနှင့် ထီးတော်ကို ပြုပြင်သည့် ကုသိုလ်ရှင်များစာရင်းတွင်

ဓမ္မသေနမင်းကြီး(သက္ကရာဇ် ၁၉၈ ခုနှစ်)၊

ဓမ္မဝိဇယမင်းကြီး (သက္ကရာဇ် ၅၅၈ ခုနှစ်)၊

ရှင်ဇံနန္ဒိယမင်းမြတ်(ရှင်ဇော-ရှင်ဇံ) (သက္ကရာဇ် ၈၈၅ခုနှစ်)၊

အလောင်းမင်းတရားကြီးဦးအောင် ဇေယျ (သက္ကရာဇ် ၁၁၁၆ခုနှစ်)ဆိုပြီး အစောဆုံး ကုသိုလ်ရှင်များစာရင်းကိုလည်း ဖော် ပြထားပါတယ်။

ဆုတောင်းပြည့်ဆံတော်ရှင်ဘုရားဟာဆိုရင် ထားဝယ်မှတ်တမ်းတွေအရ ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူစဉ် ကပင် တည်ထားခဲ့ပြီး ခေတ်အဆက်ဆက် ပြုပြင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ခေတ်ပြိုင်မှတ်တမ်းလို့ ပြောနိုင်တဲ့ လွန်ခဲ့ တဲ့နှစ် ၃၀၀ကျော်က အထက်ဗမာပြည်ရဲ့ သိကြားမင်းဘွဲ့တံဆိပ်ကပ်လှူခြင်းခံရတဲ့ ဘုရားစာရင်းမှာလည်း ဖော်ပြထား ပါတယ်။ ဒါကြောင့် ထားဝယ်ပြည် ဆံတော်ရှင်ဘုရားဟာ အနည်းဆုံးနှစ် ၃၀၀ သက်တမ်း ရှိနေပြီ ဖြစ်တယ်။

ထားဝယ်အတွက် ဂုဏ်ယူဖွယ် ကောင်းတာဖြစ်သလို၊ သာသနာပွင့်လင်း တိုးတက်မှုအရလည်း မီးမောင်းထိုးပြ နေပါတယ်။ သိကြားမင်းကိုယ်တိုင် ဘွဲ့တံဆိပ်ကပ်လှူရတဲ့ ဘုရား ၂၈ ဆူ စာရင်းအရဆိုရင် မြန်မာပြည်အလယ်ပိုင်း က ယနေ့ကာလ တန်ခိုးကြီးပြီး ထင်ရှား ကျော်ကြားလှတဲ့ဘုရားတွေပါသလို တရုတ်ပြည်စွယ်တော်၊ ယိုးဒယားပြည် ဆံတော်၊ ဇင်းမယ်လပုန်း ဘုရား၊ ရခိုင် ဘုရားကြီးနဲ့ မွန်ဒေသဘုရားတွေနဲ့အတူ ဖော်ပြထားပါတယ်။

ခေတ်အဆက်ဆက် ကျော်ကြား တန်ခိုးကြီးပြီး ယနေ့တိုင် ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထား တဲ့ ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရားများ နဲ့အတူ စာရင်းဝင်ထားပါတယ်။

ဆံတော်ရှင်ဘုရားတည်ထားတဲ့ တောင်ခြေအနီးမှာရှိတဲ့ ကလိန်အောင်မြို့ ဟောင်းကလည်း ထင်ရှားတဲ့မြို့ဟောင်း ဖြစ်ပါတယ်။ အခုကလိန်အောင်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ဇင်းဘာရွာမှာ အရိုးအိုး တွေ ရဖူးတယ်လို့ သိရပါတယ်။ ကလိန် အောင်ဆိုတဲ့ နာမည်ကိုကလည်း ခပ်ဆန်း ဆန်း ဖြစ်တယ်။ ကလိန်၊ ကာလိန်၊ တလိင်္ဂဆိုပြီး တွေးမိပေမယ့် ကွင်းနှံ့အောင် မဆင်းဖူးတော့ရေးဖို့ ခက်နေပါတယ်။

ရှင်ကိုးရှင်စာရင်းပါ ရှင်ဆံတော်နှင့် ဆုတောင်းပြည့်ဆံတော်ရှင်ဆိုပြီး ငြင်းခုံ နေတဲ့ပြဿနာရှိပေမယ့်လည်း ဗုဒ္ဓဘာသာ ထားဝယ်တွေအတွက် သိကြားမင်းကိုယ် တိုင်ဘွဲ့တံဆိပ်ကပ်လှူရတဲ့ ရှေးသမိုင်းဝင် ဆုတောင်းပြည့် ထားဝယ်ဆံတော်ရှင် စေတီအား ရှိခိုးကန်တော့ပူဇော်ရင်း ရေးသားလိုက်ပါတယ်။

တောင်းပန်ချက်။ ထားဝယ်သူ ထားဝယ်သားတွေအနေနဲ့ ဆရာကြီး ဦးဆန်းထွန်းရဲ့ ကဝိလက္ခဏာဝိသောဓနီ ကျမ်းပါ ဂါထာ(၂၈) ပုဒ်ကိုရှာပြီး ဆံတော်ရှင်ဂါထာကို ဖော်ထုတ်စေချင်ပါ သေးတယ်။

ဆရာဇော်(စိတ်ပညာ)