ပျားမရှိရင် လူလည်းမရှိနိုင်တော့ဘူး

0
2110

ပန်းသီး၊ ဖရဲသီးလေး တစ်စိတ် လောက် ကိုက်ဖူးရင် သစ်သီး၀လံ ဟင်းသီး ဟင်းရွက်တွေစားဖူးရင် သဘာ၀ချည် ထည်လေးတွေ ဝတ်ဖူးရင် ကျွန်တော်တို့ ကျေးဇူးတင်ရမယ့် အလေးထားရမယ့် သက်ရှိလေးတွေ ရှိပါတယ်။ သူတို့က ကောက်ပဲသီးနှံ ဟင်းသီးဟင်းရွက်တွေ သီးပွင့်ဖြစ်ထွန်းဖို့ လိုအပ်တဲ့ ဝတ်မှုန်ကူးခြင်း ဆိုတဲ့ဖြစ်စဉ်ကို ကူညီပေးတဲ့ မြှားနတ်မောင် ပျားလေးတွေ ဖြစ်ပါတယ်။ ဝတ်မှုန်ကူး တယ်ဆိုတာ လွယ်လွယ်ပြောရရင် ပန်းပွင့် ကလေးတွေက အဖိုဝတ်မှုန်နဲ့ အမဝတ်မှုန် တို့ ပေါင်းစပ်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီလို ဝတ်မှုန်ကူးပေါင်းစပ်မှ သီးနှံဖြစ်ထွန်း အောင်မြင်လေ့ရှိတဲ့ ကောက်ပဲသီးနှံမျိုး ဟာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်နေတဲ့ ကောက်ပဲသီးနှံတွေရဲ့ လေးပုံ သုံးပုံလောက် ရှိတယ်လို့ ဆိုပါတယ်။

ဝတ်မှုန်ကူးတာကို ကူညီတဲ့ ငှက်၊ လိပ်ပြာ စတဲ့ သက်ရှိလေး တွေရှိပေမယ့် ပျားတွေကတော့ သူတို့ အတွက် အစာရှာရင်းပန်းပွင့်ပေါင်းများ စွာကို ကူးလူးသွားလာတာမို့ ကောက်ပဲ သီးနှံတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝတ်မှုန်ကူးတာကို အများဆုံး ဆောင်ရွက် ပေးတဲ့ မျိုးစိတ်ပေါင်း နှစ်သောင်းလောက် ရှိတဲ့ သက်ရှိလေးတွေဖြစ်ပါတယ်။

ဖရဲ၊ သခွား၊ ကော်ဖီ၊ ကိုကိုး၊ ဂေါ်ဖီ စိမ်း၊ ထောပတ်သီး၊ ပဲပုပ်၊ ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ်၊ ဝါပင် အစရှိတဲ့ ကမ္ဘာ တဝန်းထုတ်လုပ်နေတဲ့ ကောက်ပဲ သီးနှံ အပင်တွေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ဟာ ဝတ်မှုန်ကူးဖို့လိုတာမို့ ဝတ်မှုန်ကူးပေး နိုင်တဲ့ သက်ရှိတွေ အထူးသဖြင့်ပျားတွေ ကို တိုက်ရိုက် မှီခိုနေရပါတယ်။ ဒီပမာဏ ဟာ နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံးထုတ်လုပ်မှု စုစုပေါင်း ဒေါ်လာ ၂၃၅ ဘီလီယံ ကနေ ၅၇၇ ဘီလီယံလောက်အထိ တန်ဖိုးရှိ တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိူးရေးအဖွဲ့ (Food and Agriculture Organization) ရဲ့ “ပျားတွေဘာ ကြောင့် အရေးပါ”ဆိုတဲ့ စာတမ်းငယ်မှာ ဖော်ပြထားပါတယ်။ အမေရိကားမှာဆို ရင်လည်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် နေတဲ့ ကောက်ပဲသီးနှံတွေရဲ့ ၈၀ ရာခိုင် နှုန်းလောက်ဟာ ဝတ်မှုန်ကူးဖို့လိုတာမို့ ပျားတွေကိုမှီခိုနေရတယ်လို့ ဆိုပါတယ်။ ဗြိတိန်ပျားမွေးသူများအသင်းကတော့ ပျားတွေ ဝတ်မှုန်ကူးပေးလို့ သီးပွင့်အောင် မြင်တဲ့ ကောက်ပဲသီးနှံတွေဟာ အင်္ဂလန် ရဲ့ စီးပွားရေးကို နှစ်စဉ် စတာလင်ပေါင် ၁၆၅ သန်းလောက် အကျိုးပြုတယ်လို့ ၂၀၀၈ ခုနှစ်က ပြောခဲ့ဖူးပါတယ်။ ခြုံပြော ရရင် ကမ္ဘာတစ်ဝန်း ကျွန်တော်တို့လူသား တွေ စားနေတဲ့ ကောက်ပဲသီးနှံတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ ဝတ်မှုန်ကူးဖို့ ပျားတွေကို တိုက်ရိုက်မှီခိုနေရတာပဲ ဖြစ်ပါတယ်။

မကြာသေးခင်က ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်မှာ ဝတ်မှုန်ကူးပေးတဲ့ သက်ရှိ လေးတွေ မရှိတာကြောင့် အခက်အခဲတွေ့ နေကြောင်း ဖော်ပြထားပါတယ်။ တရုတ် ပြည်ရဲ့ စိုက်ခင်းတစ်ခုမှာ လုပ်သားတချို့ ဟာ သစ်ပင်တွေ အပေါ်တက်ကြပြီး အပင်တွေကို ဝတ်မှုန်ကူးပေးနေရပါတယ်။ ပျားတွေမရှိတော့တာကြောင့် ဒီလို လုပ်နေ ရတာပါ။

အပင်ပေါင်းများစွာမို့ လုပ်အား တွေ အများကြီးလိုမှာပါ။ ဝတ်မှုန်မကူးပြန် ရင်လည်း သီးနှံဖြစ်ထွန်းနိုင်ချေ တအား နည်းသွားနိုင်ပါတယ်။ ဒါကတော့ ပျား တွေမရှိတော့လို့ ဒိဋ္ဌ ဒုက္ခရောက်တဲ့ အနေအထားတစ်ခုပါပဲ။ ဒီတော့ လူသား တွေဟာ ပျားတွေကို လိုအပ်ပါတယ်။

ဒါပေမဲ့ အခုချိန်မှာ ပျားတွေ ဒုက္ခ ရောက်နေကြပါပြီ။ ဖျက်အားပြင်းဓာတု ဆေးဝါးတွေ၊ အပင်တစ်မျိုးတည်းကို အမြောက်အမြား စိုက်တဲ့ အလေ့အထ နဲ့ ဥတုရာသီဖောက်ပြန်မှုတွေကြောင့် ပျားတွေ အကောင်ရေ လျော့လာတာ၊ တချို့ မျိုးစိတ်ငယ်လေးတွေ ပျောက်ကွယ် သွားတာတွေ ရှိလာနေပြီလို့ ဆိုပါတယ်။

ယနေ့ခေတ် စိုက်ပျိုးရေးလုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးလာတဲ့ ဓာတုဆေးဝါးတွေကြောင့် ပျားတွေ အများ အပြားပျက်စီးရပါတယ်။ အထူးသဖြင့် ပိုးသတ်ဆေးတွေကြောင့်ပါ။ အချို့သော ဆေးဝါးတွေကတော့ ပျားတွေကို မသေ စေပေမဲ့ ဆေးရဲ့ အကျိုးဆက်ကြောင့် ပျားတွေဟာ သူတို့ရဲ့ ပျားအိမ်ရှိရာကို မပြန်တတ်တော့တာမျိုးဖြစ်သွားစေတယ် လို့ သုတေသနတွေက ဆိုလာပါတယ်။

ပျားတွေကို နောက်ထပ်ဒုက္ခရောက်အောင် တွန်းပို့နေတာကတော့ Monoculture လို့ခေါ်ကြတဲ့ အပင်တစ်မျိုးတည်းကို အမြောက်အမြားစိုက်ခြင်းပါပဲ။ ပျားတွေ အတွက် သစ်ပင်ပန်းမန် စုံတဲ့ နေရာ တွေကို ခုတ်ထွင်ရှင်းလင်းပစ်လိုက်ပြီး အပင်အမျိုးအစားတစ်မျိုးတည်းကိုပဲ (ဥပမာ၊ ရာဘာ၊ ဆီအုန်း) ဧက သိန်း သောင်းထောင်ချီ စိုက်တာဟာ ပျားတွေ အတွက် စားကျက်ပျောက်စေပြီး ဒုက္ခ ရောက်စေပါတယ်။

နိုင်ငံတကာမှာလည်း ဒီလိုမျိုး အပင်တစ်မျိုးတည်းကို အများကြီး စိုက်တာမျိုးတွေ တိုးလာနေတာကြောင့် ပျားတွေလည်း လျော့နည်းလာနေတယ် လို့ဆိုပါတယ်။ လူ့ ပယောဂတွေကြောင့် ဖောက်ပြန်လာနေတဲ့ ဥတုရာသီရဲ့ ဒဏ်ကို လည်း ပျားတွေ ခံနေရပါတယ်။

မိုးခေါင် ရေကြီး တောမီး အေးလွန်း ပူလွန်း အစွန်း ရောက်တဲ့ ဖြစ်ရပ်တွေကြောင့် အပင်တွေ ပျက်စီးတာ၊ အပင်တွေရဲ့ ဇီ၀ကမ္မဖြစ် စဉ်တွေ မူမမှန်တော့ဘဲ ပန်းပွင့်ချိန် မမှန် တော့ တာတွေကြောင့် ပျားတွေအတွက် အစာရရှိမှုခက်ခဲလာတယ်။ ပျားတွေ ပျက်စီး ယုတ်လျော့လာနေပါတယ်။

တကယ်လို့ ဝတ်မှုန်ကူးပေးမယ့် ပျားတွေ မရှိတော့ရင် ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းမှု လျော့ကျသွားပြီး ကမ္ဘာတစ်ဝန်း ငတ်မယ့်ကိန်းဆိုက်မှာလားလို့ တချို့ ကမေးခွန်းထုတ်ကြပါတယ်။ ပျားတွေ မရှိဘဲ ဝတ်မှုန်ကူးနိုင်မယ့် နည်းလမ်းတွေ ရှိလားလို့လည်းစပ်စုကြပါတယ်။ ဒါပေမဲ့ အဖြေကတော့ ရေရေရာရာ ဘယ်သူမှ မပေးနိုင်သေးပါဘူး။

ပျားတွေဟာ သာမန်အားကြည့်ရင် သိပ်အရေးမပါသလို ထင်ရပါတယ်။ လူကို တဝီဝီနဲ့ စိတ်အနှောင့်အယှက်ပေး တဲ့၊ တုပ်တတ်တဲ့၊ ပျားရည်၊ ပျားသလက် လောက်ပဲ ထုတ်ပေးနိုင်တဲ့ သက်ရှိ သတ္တဝါလေးတွေလို့ပဲ ထင်စရာရှိပါတယ်။ ဒါပေသိ ပျားတွေရဲ့ အကျိုးပြုနိုင်စွမ်းကို ကောင်းကောင်းသိတဲ့သူတွေကတော့ ပျားတွေမရှိရင် တို့တွေ ငတ်မယ်၊ ပျား မရှိရင် လူလည်းမရှိနိုင်တော့ဘူး၊ ပျား တွေကို ဒုက္ခရောက်အောင်လုပ်နေတာ ဟာ လူတွေကိုယ့်ဘာသာ ဒုက္ခရှာနေတာ စသဖြင့် သတိပေး ပြောဆိုလာနေကြပါ တယ်။ ဘာလို့လဲဆိုတော့ သက်ရှိဇီ၀ မျိုးကွဲတွေနဲ့ သဘာ၀ ပတ်ဝန်းကျင် အချင်းချင်း အပြန်အလှန် အမှီသဟဲ ပြုနေရတဲ့ သဘောအရပဲ ဖြစ်ပါတယ်။

Dawei Watch

ကိုးကား –

Why Bees matter; the importance of bees and other pollinators for food and agriculture published by Food and agriculture organization of the United Nations

https://sos-bees.org/causes/

https://www.sustainweb.org/foodfacts/bees_are_important/

https://www.worldbeeday.org/en/about/the-importance-of-bees.html

https://www.bbc.co.uk/teach/would-we-starve-without-bees/zkf292p

https://www.elitedaily.com/news/world/humans-need-bees-to-survive/755737