ကြွပ်ကြွပ်အိတ် လိုလို့လား

0
1271

ပါချန်မြစ်ကမ်းက မြန်မာရွာလေး နှစ်ရွာရဲ့ လမ်းမတွေနဲ့ မြစ်ကမ်းစပ်တွေမှာ အမှိုက်တွေ မတွေ့ရသလောက် ရှင်းသန့်နေပါတယ်။

အောင်မေတ္တာ(ဝဲကြီး)ရွာနဲ့ ဝဲငယ်ရွာမှာပါ။

“ကြွပ်ကြွပ်အိတ် လိုလို့လား”ဆိုတဲ့ ကြွပ်ကြွပ်အိတ်ဆိုးကျိုး ပညာပေးဆိုင်းဘုတ်လေး တွေကိုလည်း ဈေးဆိုင်တွေ၊ ကျောင်းတွေ၊ ခရီးသည်နားနေဆောင်တွေမှာ ချိတ်ဆွဲထားပါတယ်။

အောက်တိုဘာလဆန်းပိုင်းက သူတို့ ရွာလေးတွေဆီကို အမှိုက်ကိစ္စ ပညာပေးတဲ့အဖွဲ့တွေ ရောက်လာပြီး အဲဒီဆိုင်းဘုတ်တွေ ချိတ်လာခဲ့တာပါ။

ဟိုတယ်နှင့်ခရီးသွားဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ Oikos Institute (အီတလီ)အဖွဲ့နဲ့ ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့်မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ သူတို့ရွာကို ရောက်လာကြပြီး ပါချန်မြစ်ထဲအမှိုက်မပစ်ဖို့နဲ့ အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့ ပညာပေးဟောပြော သွားကြတာပါ။

ဝဲကြီး၊ ဝဲငယ်မှရွာသားတွေက အမှိုက်စည်းကမ်းတကျစွန့်ပစ်ရေးကော်မတီဖွဲ့စည်းပြီး ကော်မတီက အမှိုက်စွန့်ပစ်မယ့် နေရာသတ်မှတ်ပါတယ်။

အမှိုက်ကိစ္စအတွက် ရွာသားတွေ တတ်နိုင်သလောက်တော့ လိုက်နာကြပါတယ်

လို့ ဈေးဆိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကြွပ်ကြွပ်အိတ်ကိုတော့ တစ်ရွာလုံးက မလွှဲသာမရှောင်သာ သုံးနေကြဆဲပါပဲလို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

ပါချန်မြစ် မြန်မာဘက်ကမ်းတစ်လျှောက်မှာကျေးရွာ ၁၆ ရွာရှိပြီး ရွာသားအများစုက ပါချန်မြစ်ထဲ အမှိုက်မျိုးစုံ စွန့်ပစ်နေကြချိန်မှာ ဝဲကြီးနဲ့ ဝဲငယ်ကတော့ စံပြအနေနဲ့ ဖောက်ထွက်လာတယ် ပြောရမှာပါပဲ။

မင်းခန့်