ဇမ္ဗူသီရိအဖွဲ့ အလှူခံထွက်မည်

0
651

ထားဝယ်မြို့အခြေစိုက် အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့တစ်ခု ဖြစ်သည့် ဇမ္ဗူသီရိအဖွဲ့အနေဖြင့် ဒီဇင်ဘာ လ အစောပိုင်းတွင် အလှူခံထွက်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၆ရက်မှ ၈ ရက်အထိ သုံးရက်တာ အလှူခံထွက်မည်ဖြစ်ပြီး ထားဝယ်မြို့ဧရိယာအတွင်းသာ လှည့် လည်အလှူခံမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

အလှူခံထွက်ရာတွင် ဖျော်ဖြေရေး ယာဉ်တစ်စီး ပါဝင်မည်ဖြစ်ပြီး ငါးကြိမ် (ငါးနှစ်မြောက်) မြောက်အလှူခံထွက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နှစ်စဉ်အလှူခံထွက်နေကျအတိုင်း ထွက်မယ်”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

အလှူခံထွက်ရာတွင် တစ်နှစ်လျှင် ပျမ်းမျှအလှူငွေကျပ်သိန်း ၁၆၀ ခန့်ရရှိ ပြီး ဇမ္ဗူသီရိအဖွဲ့၏ တစ်နှစ်ပျမ်းမျှအသုံး စရိတ်မှာ ဆီဖိုး၊ ကားပြင်စရိတ်နှင့် အခြား စရိတ်များအပါအဝင် ကျပ်သိန်းငါးရာ ခန့်ရှိကြောင်း ဦးနိုင်မျိုးသွင်က ပြောသည်။

ဖျော်ဖြေရေးယာဉ်ဖြင့် အလှူခံထွက် ခြင်းအပြင် မွေးနေ့အလှူများ၊ သီးခြား အလှူရှင်များက လှူဒါန်းသည့်ငွေကြေးဖြင့် လည်ပတ်သုံးစွဲနေကြောင်း ၎င်းက ရှင်းပြသည်။

ဇမ္ဗူသီရိအဖွဲ့တွင် အရေးပေါ် လူနာတင်ယာဉ် ၉ စီး၊ မီးသတ်ယာဉ် ၂ စီး၊ နိဗ္ဗာန်ယာဉ် ၂ စီး၊ ကရိန်းကား ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ လှေ၂ စီး နှင့် ဒရုန်း ၁ စီးရှိကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ကိုဇော်