နဘုလယ်တွင် စိတ်ကျန်းမာရေး မကောင်းသည့် မသန်စွမ်းအမျိုးသမီးကို ဦးလေးဖြစ်သူက မုဒိမ်းကျင့်

0
892

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် စိတ်ကျန်းမာရေးမကောင်းသည့် မသန်စွမ်း အမျိုးသမီးကို ဦးလေးတော်စပ်သူက မုဒိမ်းကျင့်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးသည် ထိန်ကြီးကျေးရွာရှိ ဖခင်ဘက်မှ ဦးလေးတော်စပ်သည့် ၅၃ နှစ်အရွယ် အမျိုးသား၏ နေအိမ်တွင် ကလေးထိန်းသည့်အလုပ်ကို လေးလခန့် လုပ်ကိုင်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့လုပ်ကိုင်နေရာမှ အထက်ပါ အမျိုးသမီးက အစာမစားဘဲ အော့အန်နေသဖြင့် ကျန်းမာရေးဆရာမထံ ပြသခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းကြောင့် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးကို မေးမြန်း ရာ အလုပ်ဝင်ပြီး ၁၅ ရက်တွင် ဦးလေး တော်စပ်သူက ည ၁၀ နာရီခန့်အချိန်တွင် ၎င်း၏အိပ်ခန်းအတွင်း ဝင်လာပြီး ခြိမ်းခြောက်ကာ မုဒိမ်းကျင့်ခဲ့သည်ဟု ပြောကြောင်း ရဲမှတ်တမ်းအရ သိရသည်။

စိတ်ကျန်းမာရေးမကောင်းသည့် မသန်စွမ်းအမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ သည်ဆိုသော အမျိုးသားကို အရေးယူ ပေးရန် နိုဝင်ဘာလ ၁၅ ရက်တွင် ရဲစခန်းတွင် လာရောက်တိုင်ကြား ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသားကို ဖမ်းဆီးရန် စီစဉ်ထားပြီး ၎င်းကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ ဖြင့် ရေနက်ဆိပ်ကမ်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch