ယာယီရွှေ့ပြောင်းလုပ်သားများ မဲပေးပိုင်ခွင့်ကိစ္စ မွန်ပါတီ ကန့်ကွက်

0
392

ယာယီ ရွှေ့ပြောင်းလုပ်သားများ ရွေးကောက်ပွဲနည်းဥပဒေပါအတိုင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွင် ဆန္ဒမဲ ပေးခွင့်ပြုထားသည့်ကိစ္စကို မွန်ညီညွတ် ရေးပါတီက ကြေညာချက်ထုတ် ကန့်ကွက်လိုက်သည်။

လွှတ်တော်ရွေးကောက်ပွဲနည်း ဥပဒေ ပုဒ်မ ၁၀ တွင် သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေအတွင်း ယာယီနေထိုင်သော ရွှေ့ပြောင်းလုပ်သားများအား ၎င်းတို့ ယာယီနေထိုင်သော မဲဆန္ဒနယ်မြေတွင် ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးခွင့်ပြုသည်ဟု ပြဋ္ဌာန်းပါရှိသည်။

ယာယီရွှေ့ပြောင်းလုပ်သားများ အား အဆိုပါ နည်းဥပဒေအတိုင်း ဆန္ဒမဲ ပေးခွင့်ပြုပါက ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲဖြစ်စေသောကြောင့် ရွေးကောက်ခံကိုယ်စားလှယ်၏ စစ်မှန် သော ကိုယ်စားပြုမှုအပေါ် မေးခွန်းထုတ် စရာဖြစ်လာမည်ဟု မွန်ညီညွတ်ရေးပါတီက နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာချက်ထုတ် ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“ကန့်ကွက်တာက ရက်ပေါင်း ၁၈၀၊ ရက်ပေါင်း ၉၀ ကို ကန့်ကွက်တာ မဟုတ်ပါဘူး။ ကိုယ်စားပြုမှုမဖြစ်ဘူး ဆိုတဲ့ဟာကို ကန့်ကွက်တာ။ ယာယီ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ သူတို့ ဒေသက လွှတ်တော်ကိုယ်စားလှယ်ပဲ မဲထည့်ပိုင်ခွင့်ရှိတယ်။ ပိုပြီးတော့အဆင် ပြေမယ်။ ကိုယ်စားပြုမှုဖြစ်မယ်။ သူတို့ ယာယီလာနေထိုင်တဲ့ဒေသက လွှတ်တော် ကိုယ်စားလှယ်ကို မဲထည့်ခွင့်ပေးတာက ဘယ်လိုမှ ကိုယ်စားမပြုနိုင်ဘူး”ဟု မွန် ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

ယာယီ ရွှေ့ပြောင်းလုပ်သားများ အတွက် မဲပေးပိုင်ခွင့်ကို နေရပ်ပြန်ပြီး မဲပေးသည့်စနစ် သို့မဟုတ် ကြိုတင်မဲ ပေးသည့်စနစ်ဖြင့်သာ တရားနည်းလမ်းကျကျ အကောင်အထည် ဖော်သင့်သည်ဟု နိုင်စံတင်က ဆက်ပြောသည်။

မွန်ပါတီအနေနှင့် အဆိုပါ ယာယီ ရွှေ့ပြောင်းလုပ်သား မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ယခင်ကတည်းက ရွေး ကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင် ခဲ့ဖူးသလို ကော်မရှင်နှင့် တွေ့ဆုံတိုင်းလည်း တင်ပြမှုရှိခဲ့ကြောင်း ပါတီထံမှ သိရသည်။

ထိုကဲ့သို့ ကန့်ကွက်နေသည့်ကြားတွင် ယခုအခါ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနည်းဥပဒေကို ပြန်ပြင် လိုက်သောအခါ အခြေအနေ ပိုဆိုးသွားသည်ဟုလည်း နိုင်စံတင်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက် ၍ နည်းဥပဒေ ၁၀ တွင် ပါရှိသည့် ယာယီ ရွှေ့ပြောင်းလုပ်သားများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်သည့် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း အစား အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်းဟု အစားထိုး သွားမည်ဟု အောက်တိုဘာ ၃ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်တည်ရေးအတွက် သက်ဆိုင်သူများအနေနှင့် အဆိုပါ ယာယီရွှေ့ပြောင်းလုပ်သားများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး အလေးအနက်ထား ဆောင် ရွက်စေလိုသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ယခုကဲ့သို့ ယာယီရွှေ့ပြောင်းလုပ်သား များအား ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှု ကိုလည်း ထိပါးရာရောက်သည်ဟု ယူဆကြောင်း မွန်ညီညွတ်ရေးပါတီက ထုတ် ပြန်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲနည်းဥပဒေပါ ယာယီရွှေ့ပြောင်းလုပ်သား များ မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီကလည်း ကြေညာချက်ထုတ် ကန့်ကွက်ထားသည့်အပြင် တိုင်းရင်းသားပါတီများကလည်း ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြသည်။

Dawei Watch