ပေါက်ပင်ကွင်း-ခေါဇာလမ်းကို တိုင်းနှင့် ပြည်နယ်ချင်းဆက်လမ်း ဖြစ်လာရန် တိုင်းအစိုးရနှင့် ညှိနှိုင်းမည်

0
484

မွန်ပြည်နယ် ခေါဇာမြို့နှင့် တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ပေါက်ပင် ကွင်းကျေးရွာတို့ ဆက်သွယ်သည့်လမ်းအား ပြည်နယ်နှင့် တိုင်းဒေသကြီး ဆက်သွယ်သည့် လမ်းအဖြစ်သတ်မှတ် ဖော်ဆောင်နိုင်ရေး တိုင်းအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက ပြောသည်။

ထိုလမ်းပိုင်းမှာ ရေး-ထားဝယ် ချိတ်ဆက်ထားသည့် ပြည်ထောင်စုလမ်း မလွှဲတောင်လမ်းပိုင်း၏ အနောက်ဘက်တွင်ရှိပြီး ယင်းဒေသရွာများက ရှေးယခင် ကတည်းက ရှိနေသည့် မြေသားလမ်းကို အသုံးပြုနေကြသည်။

ထိုလမ်းကို တိုင်းနှင့် ပြည်နယ် ဆက်သွယ်သည့်လမ်းအဖြစ် သတ်မှတ် ဖော်ဆောင်ပါက ရာသီမရွေး၊ ယာဉ်မရွေး သွားလာနိုင်မည်ဖြစ်ပြီး ဒေသထွက်ကုန်များလည်း ရေးမြို့မှတစ်ဆင့် ဈေးကွက် သို့ အချိန်မီပို့ဆောင်လာနိုင်မည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက ပြောသည်။

“အဲဒီလမ်းပိုင်းကို မှီခိုနေတဲ့ရွာတွေ အများကြီးပဲ။ ဒီလမ်းသာ အချိန်မရွေး သွားနိုင်ရင် ပင်လယ်ရေထွက်ပစ္စည်းတွေ၊ ခြံထွက်သီးနှံတွေ ဈေးကွက်ကို အချိန်မီ ပို့နိုင်မယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဆက်သွယ်တဲ့ လမ်းအဆင့် အကောင် အထည်ဖော်နိုင်ဖို့ တိုင်းအစိုးရနှင့် ညှိနှိုင်း သွားမယ်”ဟု ဦးဟန်ဝင်းသိန်းက ပြောသည်။

ဒုတိယအကြိမ် ဆဋ္ဌမနေ့ နိုဝင်ဘာ ၂၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း သည် ထိုလမ်းပိုင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး ဆက်သွယ်သည့် လမ်း အဖြစ်သတ်မှတ်၍ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ အမျိုးသားလွှတ်တော်တွင် မေးမြန်းခဲ့သေးသည်။

နိုဝင်ဘာလ ၂၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ထိုမေးခွန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေဆိုခဲ့သည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဆိုပါလမ်းသည် မွန်ပြည်နယ် ဧရိယာနယ်နိမိတ်အတွင်း လမ်းအရှည် ၃/၇ မိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး ဧရိယာနယ်နိမိတ်အတွင်း လမ်းအရှည် ၂/၅မိုင် စုစုပေါင်းလမ်းအရှည် ၆/၄မိုင် ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက် လျာထားဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေဆိုခဲ့သည်။

သို့ရာတွင် နယ်စပ်ရေးရာဝန်ကြီး ဌာနက ဖောက်လုပ်သည့်လမ်းမှာ စီးပွားရေးလုပ်ငန်းသုံး ယာဉ်များ ဖြတ်သန်းနိုင် သည့်အနေအထားထက် ဝေးလံခေါင်းပါး ဒေသအတွင်း ဆောင်ရွက် ရမည့်လုပ်ငန်း နှင့် နယ်မြေဒေသများပြား စွာရှိသဖြင့် ကျေးရွာအချင်းချင်းဆက်သွယ် ကူးလူး နိုင်ရေးကိုသာ ဦးစားပေးဆောင် ရွက်လျက် ရှိရာ လမ်းတစ်မိုင် ခွင့်ပြုနှုန်းထားအရ ခံနိုင်ဝန် ၁၃ တန်ရှိ ကျေးရွာချင်း ဆက်လမ်းအဆင့်သာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ဖြေဆိုခဲ့သည်။

ထိုလမ်းကို တိုင်းနှင့် ပြည်နယ်ချင်း ဆက်လမ်းအဖြစ် သတ်မှတ်ဖော်ဆောင်နိုင်မှသာ ရာသီမရွေး အချိန်မရွေး၊ ယာဉ် မရွေး သွားလာပြီး ဒေသအတွက်ပိုမို အကျိုးရှိမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက ပြောသည်။

သို့ကြောင့် ကျေးရွာချင်းဆက်လမ်း အဆင့်မှ တိုင်းနှင့် ပြည်နယ်ချင်းဆက် လမ်းအဖြစ် သတ်မှတ်ဖော်ဆောင်နိုင်သော တိုင်းအစိုးရနှင့် ညှိနှိုင်းသွားရန် စီစဉ်ရခြင်းဖြစ်ပြီး လမ်းဖောက်ရာတွင် နစ်နာနိုင်သော ခြံရှင်များနှင့်လည်း ညှိနှိုင်းပြီးကြောင်း ဦးဟန်ဝင်းသိန်းက ပြောသည်။

“လမ်းတစ်လျှောက်က ခြံရှင်တွေနဲ့လည်း ညှိနှိုင်းပြီးပြီ။ ခြံရှင်တွေက လမ်းလုပ်ရင် လိုသလောက်ယူပါတဲ့”ဟု ၎င်းက ပြောသည်။

Dawei Watch