ဒီရေတောဧကထောင်ချီ အပြောင်ရှင်းသည့်ကိစ္စ သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြ

0
616

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းတွင် ပုစွန်မွေးမြူရေးစီမံကိန်းအတွက် ခွင့်ပြုချက်မရှိဘဲ ဒီရေတောဧကထောင်ချီ အပြောင်ရှင်းလင်းနေသည့်ကိစ္စနှင့်ပတ်သက်ပြီး အရေးယူပေးရန်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တင်ပြထားကြောင်း ကျွန်းစုမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းထံမှ သိရသည်။

ဒီရေတောပင် ဧကထောင်ချီခုတ် လှဲပြီး အပြောင်းရှင်းစနစ်ဖြင့် လုပ်ကိုင် နေသည့် ပုစွန်မွေးမြူရေးစီမံကိန်းကြီးများတိုးချဲ့လုပ်ကိုင်နေခြင်းအပေါ် မည်ကဲ့ သို့ ခွင့်ပြုထားသည်ကို သိရှိလိုကြောင်း ပြီးခဲ့သည့် မတ်လ ၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ် တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကျွန်းစုမြို့နယ်အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက မေးမြန်းခဲ့သည်။

ယင်းမေးခွန်းအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ဒီရေတော အပြောင်ရှင်းလင်းနေသည့်ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

သို့သော် လက်ရှိအချိန်အထိ ထူးခြားမှု မရှိသေးသည့်အတွက် သမ္မတနှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာဖြင့် တင်ပြထားခြင်းဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောပြသည်။

“ပြန်ကြားစာတော့ မရောက်သေးဘူး”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက နိုဝင်ဘာလ ၂၂ ရက်က ပြောသည်။

သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ တင်ပြရာတွင် ဒီရေတော ဧကထောင်ချီ ဥပဒေမဲ့ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်မွေးမြူရေးကို အရေးယူပေးရန်၊ ငါးလေးလံဈေးကွက်ပေါ်ပေါက်ရန် ကြန့်ကြာနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်းနှစ်ဆယ်အား ခွင့်ပြုပေးရန်၊ တိုင်းအတွင်းရှိ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိစေရေးအတွက်ရေကန်များ တူးဖော်ပေးရန်၊ ပင်လယ်ကျေးရွာနေသူ များအတွက် အရေးပေါ်ကျန်းမာရေးကယ်ဆယ်ရေးအတွက် Speed Boat နှစ်စီးချထားပေးရန်နှင့် သစ်တော ကြိုးဝိုင်း/ပြင် ကာကွယ်တော ဥပဒေမဲ့သိမ်းဆည်းခဲ့သည်ကို ပလပ်ပေးရန်စသဖြင့် အချက်ငါးချက်ပါဝင်ကြောင်း ဦးဇော်ဟိန်း ထံမှ သိရသည်။

ကျွန်းစုမြို့နယ်မအိုင်ကျေးရွာအုပ်စု မစန်းပါးကျေးရွာတွင် ခိုင်ဇင်ယော် ကုမ္ပဏီက လည်းကောင်း၊ ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအနီးနှင့် မိန်းကြီးကျွန်း၊ ရေချိုချောင်းရွာအနီးတို့တွင် ပြည်ဖြိုးထွန်းကုမ္ပဏီကလည်းကောင်း ဒီရေတောများကို အပြောင်ရှင်းနေကြောင်း ဦးဇော်ဟိန်းက ပြောဆိုခဲ့ဖူးသည်။

အဆိုပါကုမ္ပဏီနှစ်ခု၏ တာဝန်ရှိသူများကမူ ဒီရေတောဧကထောင်ချီ အပြောင်ရှင်းနေသည်ဆိုသည့်ကိစ္စမှာ မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုထားသည်။

မြင့်မိုရ်(မြိတ်)