ကွမ်းသီးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျ

0
804

ရာသီဥတုပူသဖြင့် ယခုနှစ်တွင် ကွမ်းသီးအထွက်နှုန်း ထက်ဝက်ခန့်လျော့ ကျခဲ့သည်ဟု ကွမ်းသီးစိုက်တောင်သူများ ထံမှ သိရသည်။

ကွမ်းသီး သီးချိန်တွင် အပူရှိန်ပြင်းကာ မိုးမရွာသဖြင့် သီးကင်းများပုပ်၍ ကြွေကျကုန်သောကြောင့် မနှစ်ကထက် ထက်ဝက်ခန့် အထွက်နှုန်း လျော့ကျသွားခဲ့ သည်ဟု သရက်ချောင်းမြို့နယ် စုံစင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသင်းအောင်က ပြောသည်။

“မနှစ်တုန်းက ကျွန်တော့်မှာ ကွမ်းသီး နှစ်သီး သုံးသီးလောက် သီးတယ်။ ဒီနှစ်ကတော့ တစ်ဝက်လောက်ပဲ ကျန်တယ်။ မနှစ်တုန်းက အပူရှိန်အားပြင်းပြီး မိုးက မရွာတော့ သီးကင်းတွေခြောက်ပြီး ကြွေကုန်တယ်”ဟု ဦးသင်းအောင်က ပြောသည်။

ပြီးခဲ့သည့် သုံးလေးနှစ်ခန့်က ကွမ်းသီးအထွက်နှုန်း လျော့ကျခဲ့ဖူးပြီး နှစ်တိုင်းမဖြစ်ဟု ၎င်းက ပြောသည်။

ယခင်က ကွမ်းသီးတစ်ခါခူးရောင်း လျှင် ငွေကျပ် တစ်သိန်းကျော်ရသော် လည်း ယခုနှစ်တွင် ငွေကျပ် သုံးသောင်း ကျော်သာရသည်ဟု တစ်နိုင်တစ်ပိုင် ကွမ်းသီးစိုက်ပျိုးထားသည့် သရက်ချောင်း မြို့နယ်၊ ရန်တောင်ကျေးရွာမှ ဒေါ်ဝင်းအေးက ပြောသည်။

“ခြံရှင်တွေမှာတော့ ရသလောက်ပဲပေါ့။ သီးစားဝယ်တဲ့ သူတွေမှာတော့ ရှုံးတယ်လို့ ဆိုတယ်” ဟု ဒေါ်ဝင်းအေးက ဆိုသည်။

အချို့ခြံရှင်များမှာ ကိုယ်တိုင်မလုပ် နိုင်သဖြင့် ကွမ်းသီးပင်ကို အရေအတွက်၊ သီးကင်းထွက်သည့်အပေါ်မူတည်ကာ သီးစားရောင်းချကြသည်။

ယခုနှစ်တွင် တစ်ရက်လျှင် ကွမ်းသီး ခြောက် ပိသာချိန် ၂၀၀ ခန့်သာ ဝယ်ယူရပြီး ယမန်နှစ်က တစ်ရက်လျှင် ကွမ်းသီးခြောက် ပိသာချိန် ၁၅၀၀ ခန့်ထိ ဝယ်ယူ ရသည်ဟု လောင်းလုံးမြို့နယ် တောင်ပို့ ကျေးရွာမှ ပွဲရုံပိုင်ရှင် ကိုသန့်ဇင်ဋ္ဌေးက ပြောသည်။

ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုး ဆက်အနေဖြင့် မြန်မာနိုင်ငံတွင် လွန်ခဲ့ သည့် နှစ်၃၀ မှစ၍ ဆယ်စုနှစ်တစ်ခု တိုင်းတွင် ကုန်းတွင်းဒေသ၏ အမြင့်ဆုံး အပူချိန်မှာ သုည ဒသမ ၅၇ ဒီဂရီစင်တီ ဂရိတ်ထိ အပူချိန်များမြင့်တက်လာသည်ဟု မိုးဇလ၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အပူချိန် သုည ဒသမ ၄ ဒီဂရီစင်တီဂရိတ်မှ သုည ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ပြီး ရန်ကုန်တိုင်းဒေသ ကြီး၊ မြစ်၀ကျွန်းပေါ်နှင့် ဆက်စပ် ဒေသများတွင် အပူချိန်များမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ၂၀၀၁-၂၀၂၀ ခုနှစ်အတွက် ရာသီဥတုပြောင်းလဲမှုခန့် မှန်းချက်အရ သိရသည်။

ထားဝယ်ခရိုင်တွင် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်မည်ဟု တိုင်းအစိုးရက မူဝါဒချမှတ်ထားသည်။

မိုးမြင့်