ထားဝယ်တွင် ဆယ်ရက်အတွင်း ကြက်သွန်နီဈေး နှစ်ထောင်ခန့်မြင့်တက်

0
785

ထားဝယ်တွင် ဆယ်ရက်အတွင်း ကြက်သွန်နီဈေး နှစ်ထောင်ခန့် မြင့်တက်လာကြောင်း ကုန်စုံဆိုင်ရောင်းချသူ အချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်ဝန်းကျင်က ကြက်သွန်နီ တစ်ပိသာလျှင် ကျပ် ၁၆၀၀ ခန့်မှ တဖြည်းဖြည်းဈေးတက်လာကာ နိုဝင်ဘာ ၂၁ ရက်တွင် ကျပ် ၃၆၀၀ ခန့် အထိရှိလာသည်ဟု ကရပ်ပြင်ရပ် အာဇာနည်လမ်းမှ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကြက်သွန်နီက အသစ်ထွက် နောက်ကျတယ်။ မိုးတုန်းကလည်း မိုးကြီးလို့စိုက်ခင်းတွေ ပျက်စီးခဲ့တယ်ဆို တော့ ဈေးတက်လာတာပေါ့။ ရှိနေတဲ့ အဟောင်းတွေက ကုန်လာတယ်ဆိုတော့ နိုင်သလောက်ဈေးကနည်းနည်းဆွဲတင် ထားတဲ့သဘောမှာ ရှိတယ်။ ရန်ကုန်က ယူရတဲ့ ဈေးအတိုင်းပဲပေါ့။ အသစ်ထွက် ရင်တော့ ကျလာလိမ့်မယ်”ဟု ဆိုင်ရှင် အမျိုးသမီးက ဆိုသည်။

ကြက်သွန်နီ အသစ်ထွက်ခါနီး အချိန် အလှူအတန်းကာလများတွင် တစ်ပိသာလျှင် ကျပ် ၁၃၀၀ ခန့်အထိ သာဈေးတက်လေ့ရှိသော်လည်း ယခုနှစ် ကဲ့သို့ ငွေကျပ်သုံးထောင်ကျော်၊ လေး ထောင်နီးပါးအထိ ဈေးမတက်ဖူးကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်မှ စတင်ကာ ကြက်သွန်နီ ဈေးများတဖြည်းဖြည်းတက်လာပြီး နိုဝင်ဘာ ၂၁ ရက်တွင် တစ်ပိသာလျှင် ကျပ် ၃၅၀၀ ခန့်အထိဖြစ်လာသည်ဟု ထားဝယ်မြို့ နိဗ္ဗာန်လမ်းရှိ သီဟဌေး ကုန်စုံဆိုင်မှ ဒေါ်အင်ယူက ပြောသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် အိန္ဒိယနိုင်ငံတွင် အခါမဲ့မိုးရွာသွန်းသဖြင့် ကြက်သွန်နီ စိုက်ခင်းများပျက်စီးကာ အထွက်နည်းခဲ့ရာ ပြည်ပသို့ ကြက်သွန် နီတင်ပို့မှုကို လာမည့်နှစ် ဖေဖော်ဝါရီလ အထိ ရပ်ဆိုင်းထားမည်ဟု အိန္ဒိယအစိုးရက နိုဝင်ဘာ ၁၉ ရက်က ကြေညာခဲ့သည် ဟု RFA သတင်းဌာနတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံက ကြက်သွန်နီပို့ကုန် ရပ်လိုက်သဖြင့် အာရှတွင် ကြက်သွန်နီ ဈေးများတက်နေပြီး ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့က မြန်မာ၊ အီဂျစ်၊ တူရကီနှင့် တရုတ်နိုင်ငံများမှ ကြက်သွန်နီကို ဝယ်ယူနေရသည်ဟု ဖော်ပြပါရှိသည်။

ဘင်္ဂလားဒေ့ရှ်ကုန်သည်များသည် မြင်းခြံ၊ ပခုက္ကူ၊ တောင်သာ၊ မလှိုင်နှင့် ပျော်ဘွယ်မြို့များအထိ လာရောက်ဝယ်ယူ နေကြပြီး နိုဝင်ဘာ ၁၈ ရက်တွင် တစ်ကီလိုလျှင် မြန်မာငွေ ကျပ် ၅၄၀၀ အထိ ရှိ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့နေသည်ဟု ခေတ်သစ်မီဒီယာ သတင်းဌာနတွင် ဖော်ပြထားသည်။

မိုးမြင့်